ဧပြီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြ၀တီမြို့ သင်္ဃန်းညီနောင် စစ်ကောင်စီဗျူဟာကုန်းနေရာ၊ ကော့ကရိတ် စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးကုန်းနေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်တို့အကြား ယမန်နေ့ဧပြီလ ၃ ရက်မှစပြီး ၄ ရက်နေ့အထိ နှစ်ဖက်အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေကြောင်း KNLA စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။
“မနေ့ကတည်းက ပစ်နေတာ၊ ညီနောင်ရဲစခန်း၊ ညီနောင်ဗျူဟာကုန်းနဲ့ ၃၅၅ စစ်တပ်နေရာတွေ ပစ်နေတာအခုမိုးချုပ်ချိန်အထိပဲ။ အရပ်သားထိတာ၊ သေတာတွေရှိနေတယ်၊ ရပ်ကွက်သားတွေ ပိတ်မိနေတယ်။ ကော့ကရိတ်မှာလည်း မနေ့ကကြောင်လျှာကုန်းရွာကို စစ်တပ် မီးရှို့တယ်၊ ရန်ကုတ်ရွာဘက် ပစ်ခတ်တာရှိတယ်။ ဒီနေ့ ညနေဘက်မှာ ကော့ကရိတ် မြို့ထဲနဲ့ မြို့ပြင်အစပ်နေရာ ရုံးကုန်းဘက်၊ အမှတ် ၃ ရပ်ကွက်ဘက်တွေမှာ ၃ နေရာလောက်က ကင်းပုန်းစစ်တပ် ရဲကတုတ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ် ”ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။
ယမန်နေ့က သင်္ဃန်းညီနောင် ကျေးရွာကွက်သစ်ရပ်ကွက်လမ်းမကြီးမှ ဖြတ်သန်းသွားသည့် စစ်ကောင်စီ တပ် စစ်ကားတစ်စီးကို KNLA ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သင်္ဃန်းညီနောင် ရဲစခန်း၊ သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းဘက်များနှင့်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီ တပ်ဘက်မှ သေဆုံးဒဏ်ရာရမှုများရှိနေကြောင်း သိရှိရသည်။

အလားတူ ကော့ကရိတ် မြို့ဘက်တွင်လည်း KNU တပ်မဟာ ၇ နယ်မြေရှိ ကြောင်လျှာကုန်းကျေးရွာကို စစ်ကောင်စီတပ်နှင့် BGF တပ်အဖွဲ့များက ၀င်ရောက်စီးနင်းတိုက်ခိုက် မီးရှို့ခြင်းကြောင့် ဒေသခံနေအိမ် ၂၀ လုံး၊ မျိုးစပါးကျည်တဲ ၁၀လုံးနှင့် ဆန်စက် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ယနေ့ ကျေးရွာ မီးလောင်နေအိမ်များကို ပြန်ကြည့်သူ ရွာသားတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်တွင် လက်ရှိအခြေအနေအရ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နှင့် KNLA ပူးပေါင်း တပ်ဖွဲ့များ မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ သံတောင်ကြီး၊ ဖာပွန်၊ ကမမောင်း၊ ဒေသဘက်များတွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံမြို့နယ်ဘက်များတွင် နှစ်ဖက်စစ်ရေး တင်းမာနေသည်ဟု သိရှိရသည်။
ထို့အတူ ဖားအံမြို့၊ လှိုင်းဘွဲမြို့ နယ်ဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် BGFတပ်များ လုံခြုံရေးတိုးမြှင့်ချထားကာ စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း နေထိုင်ကြသည့် ဒေသခံများက ကေအိုင်စီသို့ ပြောဆိုသည်။



















