ဧပြီလ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့က စစ်ကောင်စီ၏ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ဘောလုံးကွင်းနှင့် မိုးလုံ လေလုံ အားကစားကွင်းများ၏ မျက်နှာစာတန်း ဆိုင်ခန်းများကို ဧပြီလကုန်အပြီး ဖယ်ရှားပြောင်းရွှေ့ ကြရန် အား/ကာ ရုံးက ဆိုင်ခန်းပိုင်ရှင်များကို ခေါ်ယူ ပြောဆို အမိန့်ထုတ်လိုက်ကြောင်း စျေးဆိုင်ခန်း ပိုင်ရှင်များက ပြောသည်။
ဧပြီလ ဒုတိယအပတ်လောက်က ပဒုမ္မလမ်းရှိ မိုးလုံလေလုံ အားကစားရုံမျက်နှာစာ ဆိုင်ခန်းများ၊ အောင်သံလွင် ဘောလုံးကွင်း မျက်နှာစာဆိုင်ခန်းများနှင့် ရဲဘော်စျေး၊ ဟိန္ဒူဘုရားကျောင်း လမ်းမကြီး ဆောက်လုပ်ရေး ဝန်ထမ်း အိမ်ယာ မျက်နှာစာတန်း လူနေဆိုင်ခန်းများ စုစုပေါင်း ဆိုင်ခန်းပေါင်း ၅၀ခန့်က ဆိုင်ခန်းပိုင်ရှင်များကို အား/ကာရုံး သို့ ဆင့်ခေါ် ပြီး ရုံးအရာရှိက ဆိုင်ခန်းများကို ဧပြီလကုန်အပြီးပြောင်းရွှေ့ရန် ခေါ်ယူ ပြောဆိုခဲ့ ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ယခုလိုပြောသည်။
“သင်္ကြန်မတိုင်ခင်ရက်က ဆိုင်ရှင်တွေကို ခေါ်တွေ့ပြီး ၄လပိုင်းအကုန် အပြီးပြောင်းခိုင်းတာ။ ဘာကြောင့် ပြောင်းခိုင်းလဲဆိုတာကိုတော့ သူတို့ကမပြောသွားဘူး။ ဒီတိုင်းပြောင်းခိုင်းတာ။ ဆိုင်ခန်းရှင်တွေ အခုလည်း ပြောင်းတဲ့သူက ပြောင်းတယ်။ မပြောင်းပဲကျန်ခဲ့တဲ့ ဆိုင်ခန်းတွေကိုလည်း ရေတွေ မီးတွေဖျက်ထားတယ်။ ဘာမှ လုပ်မရ ပြောမရ ဖြစ်နေကြတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
ယခုလို ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းသည် စစ်ကောင်စီ ဌာနဆိုင်ရာ အဆောက်အဦးများ၏ မျက်နှာစာများ ဆိုင်ခန်းများနှင့် ပိတ်နေသောကြောင့် ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး အားလုံး ပြောင်းရွှေ့ ပြီးပါက ခြံစည်း ရိုးခတ်မှုများ လုပ်ဆောင်သွားမည်ဟု အား/ကာရုံးနှင့် နီးစပ်သူ တချို့က ပြောဆိုကြသည်။
သို့သော် အဆိုပါ ဆိုင်ခန်း ဖယ်ရှားမှုသည် စစ်ကောင်စီနှင့် ပူးပေါင်း၍ အဆောက်အဦး ကန်ထရိုက်လုပ်ငန်းများ လုပ်ဆောင်နေကြသူများက အားကစားကွင်းများ ပြန်လည်ပြုပြင် ဆောက်လုပ်ခြင်း အပြင် မျက်နှာ စာတန်းများ ကို အဆင့်မြင့် လူနေဆိုင်ခန်းများအဖြင့် ပြန်လည် ဆောက်လုပ်ပြီး စစ်ကောင်စီ က ပြန်လည်ရောင်းချရန် ဖြစ်နိုင်ကြောင်းလည်း စောင့်ကြည့်ပြောဆိုမှုများရှိသည်။

ဖားအံမြို၏ အားကစားကွင်းအရှေ့ လူနေဆိုင်ခန်းများတွင် နေထိုင်ကြသူများသည် ယခင် စစ်အစိုးရ( နအဖ ) ခေတ်မှ ယခုအချိန်အထိ နှစ်ပေါင်း ၃၀ နီးပါး နေထိုင်ဆိုင်ခန်း ဖွင့်ကြသူများ ဖြစ်သောကြောင့် နေရာမပြောင်းရွှေ့ ချင်ကြသလို အများစုမှာ ဆိုင်ခန်းအပိုင်အဖြစ် ငွေသွင်းဝယ်ယူထားကြသည့် ကိုယ်ပိုင်ဆိုင်ခန်းများ ဖြစ်ကြ ကြောင်း ဆိုင်ခန်းပိုင်ရှင်များနှင့်နီးစပ်သည့် မြို့ခံများကဆိုသည်။
ဖားအံမြို့ခံ တစ်ဦးက “အဲ့ဒီ ဆိုင်ခန်းတွေက နှစ်တွေကြာပြီလေ။ တစ်ခန်းပေါက်စျေးတောင် သိန်းရာချီ ရှိနေ တာ။ အခု ဖျက်ရ ဖယ်ရမယ်ဆိုတော့ နေရာအစားပေးတာ၊ လျှော်ကြေး နစ်နာကြေးပေးတာ ဘာမှ ပြောသံ မကြားဘူး။ သူတို့ စစ်ကောင်စီက အားကစားကွင်းတွေ၊ အားကစားရုံတွေ အသစ်ပြင်ဆောက်မယ်လို့တော့ သတင်းကြားနေတယ်။ စစ်ကောင်စီ နဲ့ ပေါင်းပြီး လုပ်ငန်း လုပ်စားသူတွေကတော့ အဲ့လို လုပ်ငန်းကန်ထရိုက် တွေရဖို့ စစ်ကောင်စီ လူကြီးပိုင်းတွေ နဲ့ ရင်းနှီးအောင် လုပ်ဆောင် နေတာတွေတော့ တွေ့နေရတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
ယခုလို ဆိုင်ခန်းများ ပြောင်းရွှေ့ခိုင်းသောကြောင့် ဆိုင်ခန်းတန်းလျှားများတွင် နေထိုင်လုပ်ကိုင် စျေးရောင်းသူ ဆိုင်ရှင်၊ လုပ်ငန်းရှင်များနှင့် အလုပ်သမား စုစုပေါင်း လူဦးရေ ၂၀၀ ဝန်းကျင်ခန့် လုပ်ကိုင်စားသောက်ရာ နေရာ ပျောက်သွားပြီး ငွေကြေးဆုံးရှုံးမှုများအပြင် အခြား ဆိုင်ခန်းနေရာအသစ်အတွက် ချက်ချင်း ရွေ့ပြောင်း အခြေ ချရန် အခက်တွေ့နေကြရသည်ဟုလည်း ဆိုင်းခန်းပိုင်ရှင်များက ပြောသည်။



















