Home သတင်း သံတောင်မြို့တွင် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရ

သံတောင်မြို့တွင် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရ

975
Photo: CJ

ဧပြီလ(၂၆)ရက်၊ ၂၀၂၃ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃)မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှ ယမန်နေ့ ဧပြီလ(၂၅)ရက်နေ့ညပိုင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကြောင့် သံတောင်မြို့နေ အသက်(၆၀)အရွယ် အမျိုးသမီးကြီး တစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါနေ့ ည(၈)နာရီဝန်းကျင်ခန့်မှစ၍ သံတောင်မြို့ (၇)မိုင်စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားခြင်း မ ရှိဘဲ သံတောင်မြို့အနီးဝန်းကျင်သို့ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်ခဲ့သလို (၁၃)မိုင်စစ်ကောင်စီ တပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်များ သံတောင်မြို့တွင်းရှိ အိုပီကုန်းရပ်ကွက်နှင့်ဒေမူး လော ရပ်ကွက်ဘက်များသို့ ကျရောက်ပေါက်ကွဲ၍ ဒေမူးလောရပ်ကွက်တွင်နေထိုင်သော အဆိုပါ အမျိုး သမီးကြီးတစ်ဦး၏ ပေါင်တံကို လက်နက်ကြီး ကျည်စ ထိမှန်ခဲ့ကြောင်း သံတောင်မြို့ခံတစ်ဦးကပြောသည်။

“ဘာတိုက်ပွဲမှ မရှိဘဲ တမင်ပစ်တာပါ။ သံတောင်မှာ ပစ်ခတ်မှုတွေဖြစ်ကတည်းက ပြေးနေတဲ့သူတွေ မြို့ထဲ ပြန်လာနေတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသူတွေလည်း ပါလာတယ်ဆိုပြီး တမင်ရမ်းသမ်း ပစ်တာ။ အခု ပြန်လာနေကြတဲ့သူတွေတောင် ကြောက်ပြီး တောင်ငူဘက်ပြန်ပြေးပြီ။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သံတောင်မြို့ပေါ် ရပ်ကွက်ရှိ နေအိမ်များ ထိခိုက်ပျက်စီးမှု အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ် မပြောနိုင်သေးဘဲ လက်နက်ကြီး ကျည်စ ထိမှန်ခဲ့သော ဒေသခံ အမျိုးသမီးကိုမူ သက်ဆိုင်ရာ မိသားစုဝင်များက နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း အခြား ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “အိမ်တွေထိခိုက်ပျက်ဆီးတာရှိ မရှိတော့ မသိသေးဘူး။ လက်နက်ကြီးကြောင့် ထိခိုက်သွားတဲ့သူ ကိုတော့ ဆေးရုံပို့လိုက်ပြီ။ သူ့အိမ်နားကျတာ‌တော့ မဟုတ်ဘူး။ သူများအိမ်မှာလာအိပ်ရင်းနဲ့ အပေါ့ထ သွားတဲ့အချိန်မှာ ကျည်စမှန်ပြီး ဒဏ်ရာရတာပါ။” ဟု ကေအိုင်စီသို့ပြောသည်။

သံတောင်မြို့ရှိ ဒေသခံများမှာ ယခုနှစ် ဇန်နဝါရီလ ကတည်းက စစ်ကောင်စီ၏မြို့တွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပြီးခဲ့သည့်မတ်လအတွင်း ဒေသခံ များ လုံခြုံစွာနေရပ်ပြန်နေထိုင်ရေးအတွက် မြို့နေဘာသာပေါင်းစုံကော်မတီမှ ဦးဆောင်ကာ စစ်ကောင်စီနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း ယခုလိုပစ်ခတ်ခံရသေးခြင်းဖြစ်ကြောင်း မြေပြင်သတင်း အရင်းအမြစ် များက ဆိုသည်။

အလားတူ ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့က သံတောင်ကြီးမြို့နယ်၊ သပြေညွှန့်ကျေးရွာရှိစစ်ကောင်စီတပ် စခန်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် အသက်မပြည့်သေး သည့်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသလို မတ်လ(၃၀)ရက်နေ့ကလည်း ၎င်းကျေးရွာအပြင်ဘက်တွင် မိုင်းနင်းမိ၍ ဒေသခံ လူငယ်တစ်ဦး ခြေထောက်ပြတ်ထွက် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သေးသည်။