Home သတင်း စစ်ကောင်စီ၏ ရဲစခန်းကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒုတိယအကြိမ် ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီ၏ ရဲစခန်းကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒုတိယအကြိမ် ဒရုန်းဖြင့်တိုက်ခိုက်

935

ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ဒုတိယကြိမ် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ပုလောမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Palaw Regional Defense Force (PRDF)၏ ယနေ့ (ဧပြီ ၃ ရက်)ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်ရှိ နယ်မြေခံ ရဲစခန်းကို ပြီးခဲ့သည့် ဧပြီလ(၁)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်တွင် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဒုတိယအကြိမ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Palaw Regional Defense Force (PRDF) ပြန်ကြားရေး တာဝန်ခံက ယခုလိုပြောသည်။

၎င်းက “ညနေ ၅ နာရီလောက်က စတင်တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းအမျိုးအစားနဲ့လက်နက်အမျိုး အစားကိုတော့ လုံခြုံရေးအရ ဖော်ပြလို့မရပါဘူး။ ပထမအကြိမ်တိုက်ခိုက်မှုမှာတော့ စစ်ကောင် စီဘက်က ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နယ်မြေခံ ရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အနီး အနားဝန်းကျင်တွင် လုံခြုံရေးအင်အားတိုးချဲ့ထားသည့်အပြင် စခန်းအနီးဝန်ကျင်ရှိ နေအိမ်အတွင်းကို လည်း ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိပြီးစစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများပြောစကားအရ သိရသည်။

ဒေသခံတစ်ဦးက “ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ ပြီးတော့တံတားအနားမှာ ရဲတွေစစ်သား တွေနဲ့ရှုပ်နေတယ်။ အဲ့ဒီနေရာကလည်း အရင်ကတည်းက စစ်ဆေးရေးတွေရှိနေတာဆိုတော့။ အခုရက်ပိုင်းက ပိုဆိုးတာပေါ့။ ပြီးတော့အိမ်တွေထဲကိုလည်း လိုက်ရှာတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများသည် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များနှင့်မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိကာ စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း အဆိုပါ ရဲစခန်းနေရာကို ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ပထမအကြိမ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး ထိမှန်သေဆုံးသွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။