Home သတင်း ကျောက်ကြီးတွင် စစ်ဘေးရှောင်ပြည်သူ ပိုများလာပြီး ကျန်းမာရေးနှင့်စားသောက်ရေး ခက်ခဲနေ

ကျောက်ကြီးတွင် စစ်ဘေးရှောင်ပြည်သူ ပိုများလာပြီး ကျန်းမာရေးနှင့်စားသောက်ရေး ခက်ခဲနေ

660

ဧပြီလ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေ (ပဲခူးတိုင်းဒေသကြီး)၊ ကျောက်ကြီးမြို့နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စစ်ဘေး ရှောင်ပြည်သူများပိုမိုများပြားလာပြီး ကျန်းမာရေးနှင့်စားဝတ်နေရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ(၄)ရက်နေ့မှစ၍ စစ်ကောင်စီတပ်များသည် ဘောကထာစစ်ကောင်စီတပ်စခန်းသို့သွားရန် ကျောက်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်၍ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘုရားကြီး၊ ပဒဲကော၊ မဘီ၊ ငဖယ်အင်း အစရှိသည့်ကျေးရွာများမှ ဒေသခံထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူက ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များနှင့် နယ်မြေခံတော်လှန်ရေးတပ်များအကြား နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခြင်းကြောင့် ကျောက်ကြီးမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာနေပြီး ယခင်က တည်းက စစ်ဘေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်နေကြသော စစ်ရှောင်များထဲတွင် ကလေးသူ ငယ်များနှင့်သက်ကြီး ရွယ်အိုများ၏ ကျန်းမာရေး၊ စားဝတ်နေရေး စိုးရိမ်စရာရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “စစ်တပ်ကရမ်းသမ်းပစ်ခတ်တာတွေရော၊ နှစ်ဖက်တိုက်ပွဲတွေရော ရှိလာတဲ့အခါကျတော့ လက်ရှိအိုး မဲ့အိမ်မဲ့ဖြစ်သူများလာတယ်။ စစ်ဘေးချည်းပဲရှောင်နေရတော့ အလုပ်အကိုင်လုပ်ဖို့နဲ့စားဝတ်နေရေး ခက်ခဲ လာတယ်။ ကလေးတွေရော သက်ကြီးပိုင်းတွေအတွက်ကလည်း ကျန်းမာရေးအခက်အခဲရှိတယ်။ သွားရေး လာရေးနဲ့သယ်ယူပို့ဆောင်ရေး မလွယ်ကူတော့ ဒီကိုအထောက်အပံ့က မရဘူးဖြစ်နေတယ်။” ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ကျေးရွာများအတွင်းသို့ မကြာခဏဆိုသလို လက်နက်ကြီးပစ်ခတ်မှုများကြောင့် သွားလာရ ခက်ခဲသဖြင့် စစ်ဘေးရှောင်များအတွက် လိုအပ်သောအကူအညီများပေးရန် ခဲယဥ်းကြောင်းလည်း စစ်ဘေးရှောင်ကူညီသူများက‌ ပြောသည်။

ပြည်တွင်း နေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP)၏ ဒုတာဝန်ခံ စောခဲလေကလည်း “ကျနော်တို့ CIDKP အနေနဲ့ ကူညီလှုပ်ရှားနေတဲ့ဒေသတွေထဲမှာ ညောင်လေးပင်ခရိုင်က အကူအညီ ရောက် ရှိဖို့အတွက် အရမ်းကိုခက်ခဲပါတယ်။ လမ်းခရီးသွားလာဖို့အခက်အခဲရှိတာနဲ့ အသက်အန္တရာယ်စိုးရိမ်ရ တာကြောင့်ပါ။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ဧပြီလ(၁၁)ရက်နေ့ကလည်း စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်ခဲ့သောလက်နက်ကြီးကျည်စကြောင့် ဒေသခံနေအိမ်(၂)လုံးထိမှန်ပျက်စီးခဲ့သလို ဧပြီလ(၁၃)ရက်နေ့က ကော်သာစေးနှင့်ကျော်မော်ဘုရားကြီး ကျေးရွာမှ ဒေသခံ(၆)ဦးအား စစ်ကောင်စီမှဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နောက်တစ်နေ့နံနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း နယ်မြေခံ ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။

ညောင်လေးပင်ခရိုင်တွင် စစ်တပ်အာဏာသိမ်းယူချိန်မှစ၍ ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ဘေး ရှောင်ဦးရေ တစ်သိန်းလေးသောင်းကျော်ရှိကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN)က ထုတ်ပြန်ထားသည်။