Home သတင်း ကင်မွန်းစခန်းနယ်မြေ ရဲစခန်းအား KNLA နှင့်ပူးပေါင်းတပ်များ ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

ကင်မွန်းစခန်းနယ်မြေ ရဲစခန်းအား KNLA နှင့်ပူးပေါင်းတပ်များ ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

1473

ဧပြီလ(၂၉)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းစခန်းနယ်မြေ ရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက ဧပြီလ(၂၇)ရက်နေ့နှင့်(၂၉)ရက်နေ့တွင် နှစ်ရက်ခန့် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်နေ့ ပထမရက်တွင် ရဲစခန်းဝင်းအတွင်းသို့ စုစုပေါင်းဗုံးသီး(၁၀)လုံး ကြဲချခဲ့ကာ ရဲတပ် ဖွဲ့ဝင်(၃)‌ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်း‌အဆောက်အဦးအချို့ မီးလောင်ပျက်ဆီးခဲ့ကြောင်း အဆိုပါ တိုက်ခိုက် မှုတွင် ပူးပေါင်းပါဝင်သော သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု (TPDF)၏ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

၎င်းက “ပထမအကြိမ်က ရဲသုံးယောက်ဒဏ်ရာရတယ်လို့ အတွင်းသတင်းအရသိရတယ်။ ရဲစခန်းမှာလည်း လူကြီးရောက်နေတယ်လို့ ကြားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ရဲစခန်းဝင်းအတွင်း လုံခြုံ‌ရေးတိုးမြင့်ထားသလို အင်အားထပ်မံ ဖြည့်တင်း လာသဖြင့် ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နေ့လည်ပိုင်းက နောက်ထပ် ဗုံးသီး(၁၀)လုံးကို ဒရုန်းဖြင့် ထပ်မံ တိုက် ခိုက်ခဲ့ကြောင်း TPDF က ယမန်နေ့က ထုတ်ပြန်ထားသည်။

ထိုသို့ ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် အနီးအနားရှိ စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် မည်ကို စိုးရိမ်ထိတ်လန့်သဖြင့် ‌ကင်မွန်းစခန်းနယ်‌မြေအတွင်းရှိသော ဒေသခံကျေးရွာသား အချို့မှာ ဘေးလွတ် ရာသို့ ကြိုတင် တိမ်းရှောင်နေကြကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အရင်ကလည်း ကင်မွန်းစခန်းမှာ ပစ်ခတ်မှုဖြစ်ဖူးတယ်လေ။ အဲဒီတုန်းကလည်း မောင်းတောင်ရွာစခန်းက လက်နက်ကြီးနဲ့ပစ်လို့ ရှောင်ရသေးတယ်။ အခုလည်းအဲဒီလို ထပ်ဖြစ်မှာစိုးလို့ အချို့ကရှောင်ကြတာပါ။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA တပ်မဟာ (၁) နှင့်ပူးပေါင်း၍ TPDFပါဝင်သော ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျိုက်ထိုတော် လှန်ရေးအင်အားစု (KRF)၊ ပအိုဝ်းပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD တို့မှ လုပ်ဆောင်ခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ယမန်နေ့ ထုတ်ပြန်ချက် အရ သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့က စစ်‌ကောင်စီ၏ မုပ္ပလင်စစ်ဆေးရေးဂိတ်စခန်းအား ပူးပေါင်း တပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၃)ဦးသေဆုံးခဲ့သလို ဧပြီလ(၂၆)ရက်နေ့က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် သုံးခွ ကျေးရွာ အနီးကျရောက်ပေါက်ကွဲ၍ အဆိုပါကျေးရွာ ဘုန်းကြီးကျောင်းတွင် သတင်းသုံးနေသော ဘုန်းကြီးတစ်ပါး ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြထားသည်။