ဧပြီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ်အတွင်း စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ထားချိန် မြို့မရဲစခန်းအနီး ဗုံးပေါကွဲမှု ဖြစ်ပွားခဲ့ပြီး လူသွားလူလာမရှိသည့်အချိန် ဖြစ်နေသည့်အတွက် လူထိခိုက်မှုမရှိကြောင်း ရဲစခန်းလမ်းမတွင် နေထိုင်သူက ပြောသည်။
“ည ၁၀နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ထားတာ။ အဲ့ဒီလမ်းကလည်း ရဲစခန်းလမ်းမဆိုတော့ အသွင် အရပ်ဝတ် ယူကင်းတွေ၊ ရပ်ကင်းပတ်ကင်း၊ ချက်ပွိုင့်တွေ အချိန်ပြည့် ချထားတဲ့နေရာ၊ ပြီးတော့ ထောင်ချခံ ထားရတဲ့ NLD အစိုးရစည်ပင်ဝန်ကြီး ဦးသန်းနိုင်အိမ် ရှေ့ဘက်က ရဲစခန်းခြံစည်းရိုးဘက်မှာ ဗုံးပေါက်တာမှာ ဖုန်းကြိုးတွေ၊ လျှပ်စစ်မီးကြိုးတွေတော့ ပျက်စီးကုန်တယ်၊ လူနေအိမ်ဘက်အခြမ်းက အိမ်တွေ တိုက်မှန် တွေကွဲတယ်၊ လူတော့ အခိုက်မရှိဘူး၊ ”ဟု ရဲစခန်းလမ်းမတွင် နေထိုင်သူက ပြောသည်။
ဖားအံမြို့တွင် သင်္ကြန်ကာလ စည်ကားစေရန် စစ်ကောင်စီက မြို့မဘောလုံးကွင်းဟောင်းနေရာတွင် သင်္ကြန်အကပြိုင်ပွဲ ပြုလုပ်နေပြီး ကမ်းနားလမ်းမအား စစ်ကောင်စီဌာနဆိုင်ရာ ရေကစားနေရာများပြုလုပ် ပြင်ဆင်ကာ စစ်တပ်၊ ရဲ၊ ပျူစောထီး၊ ပြည်သူ့စစ်များအား အရပ်ဝတ်အသွင်ယူကင်းချထားခြင်း၊ စစ်ဆေးရေး ဂိတ်ချစစ်ဆေးခြင်း၊ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လုံခြုံရေးတင်းကြပ် စောင့်ကြည့်နေရသူများ နေကြောင်း သိရှိရသည်။

အခြားမြို့ခံတစ်ဦးကလည်း“သင်္ကြန်က မဖြစ်သေးဘူး ဗုံးကပေါက်ပြီ။ စစ်တပ်ကလည်း အခုတလော ဖားအံမှာ သေနတ်ပစ်တို့၊ ဖောက်ခွဲရေးတို့ စစ်တပ်တွေမှာ ပျူစောထီးတွေ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို သင်ပေးနေတာရှိတယ်၊ အခုစစ်တပ်အုပ်စုတွေက သေနတ်ကိုယ်စီခါးထိုးပြီး ကိုင်နေကြတာတွေ့နေရတယ်။ လူငယ်တွေ ည ၁၀နာရီ ကျော်လမ်းမှာတွေ့ရင် ဖမ်းတယ်၊ ထောင်ချတယ်၊”ဟု ပြောသည်။
ကရင်ပြည်နယ် စစ်ကောင်စီက ဖားအံမြို့တွင် သင်္ကြန်ပွဲတော် ပြုလုပ်ရန် စီစဉ်လုပ်ဆောင် နေသော်လည်း မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်မြို့ဘက်တွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ စစ်ရေး အရှိန် မြှင့် တိုက်ပွဲများဆက်ဖြစ်နေခြင်းကြောင့် သင်္ကြန်ပွဲတော်အား လုပ်ဆောင်ရန် ပြင်ဆင်မှုများ မတွေ့ ရကြောင်း မြို့ပေါ် ရပ်ကွက်နေထိုင်သူများက ပြောသည်။



















