Home သတင်း KNU ဥက္ကဋ္ဌ သတိလစ်၍ ဆေးရုံတင်ထားရ၊ ပြန်လည်သက်သာလာပြီးဟု ဆို

KNU ဥက္ကဋ္ဌ သတိလစ်၍ ဆေးရုံတင်ထားရ၊ ပြန်လည်သက်သာလာပြီးဟု ဆို

604
Photo: Crd.

ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် သွေးတိုးတက်ပြီး မူးဝေအော့အန် သတိလစ်သွားခြင်းကြောင့် ၎င်းနေထိုင်ရာ နေအိမ်မှတဆင့် မဲဆောက်မြို့ရှိ ( Maesotram Hospital) ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

အသက်(၉၀)အရွယ်ရှိပြီးဖြစ်သည့် KNU ဥက္ကဋ္ဌသည် ရာသီဥတုအပူရှိန်ကြောင့် သွေးတိုး(၁၆၀-၈၀) ရှိပြီး မူးဝေအော့အန်ကာ သတိလစ်သွားခြင်းကြောင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားရပြီး လက်ရှိတွင် ပြန်လည် သတိဝင်လာခဲ့ပြီး မစိုးရိမ်ရတော့ကြောင်း နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

“ညနေ ၆ နာရီခွဲက စဖြင့်တာ။ အပူရှိန်လွန်ပြီး သတိလစ်တယ်လို့ ပြောတယ်။ အခုက သတိ တော့ပြန်ရနေပြီး။ ဒါပေမဲ့ တအားမောနေသေးတော့ စကားမပြောနိုင်သေးဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

နှစ်တိုင်းနီးပါး ယခုလို ဖြစ်လေ့ ဖြစ်ထရှိကြောင်း နီးစပ်သူများကပြောဆိုပြီး လက်ရှိတွင် ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ရန် ဆေးရုံတွင်သာ ထားရှိထားသေးရသေးကြောင်း သိရသည်။