Home သတင်း ပြိုကျပျက်စီးသွားသော တံတားပြုပြင်ခြင်းမရှိ၍ သယ်ယူပို့ဆောင်ရေး သွားလာရေး အခက်အခဲဖြစ်နေ

ပြိုကျပျက်စီးသွားသော တံတားပြုပြင်ခြင်းမရှိ၍ သယ်ယူပို့ဆောင်ရေး သွားလာရေး အခက်အခဲဖြစ်နေ

896

ဧပြီ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။

ပိုင်ကျုံမြိုနယ် ကျိပလီးရွာအဝင်ရှိ ချောင်းကူးကွန်ကရစ်တံတားကို တောင်ကျရေတိုက်စားမှုကြောင့် ပြိုကျပျက်စီး သွားခဲ့သည်မှာ တစ်နှစ်နီးပါး ရှိနေသော်လည်း ပြန်လည်ပြုပြင်ခြင်းမရှိသောကြောင့် ဒေသခံများ၏ သွားလာရေး သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်နေသည်ဟု သိရသည်။

အဆိုပါ တံတားကို ကရင်ပြည်နယ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် သူးမွဲထအောင်မြေကုမ္ပဏီက တာဝန်ယူပြီး ၂၀၂၂ မတ်လတွင် တံတားဆောက်လုပ်ပြီးစီးခဲ့ရာ (၂၀၂၂ ) ဇူလိုင်လတွင် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ပြန်လည်ပြုပြင်ခြင်းမရှိသည့်အတွက် သွားလာရေးသယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်နေသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခုက မိုးရာသီမရောက်သေးဘူး။ ဒါတောင် ရွာကို ဆန်စပါးသယ်ရတာ အချိန်ကြာတယ်။ မိုးတွင်း ရောက်ရင်ပိုဆိုးမယ်။ တောင်ကျရေကျတဲ့အရှိန်နဲ့ လူတောင်ဖြတ်လို့ရမှာ မဟုတ်ဘူး ”ဟု အမည်မဖော်လိုသူ ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်

ထို့အပြင် တံတားပျက်စီးခြင်းကြောင့် ဒေသခံပြည်သူလူထုများ ကျေးရွာအတွင်းရှိ အထက်တန်းကျောင်းသား/ ကျောင်း သူများမိုးတွင်းပိုင်းတွင် ကျောင်းတက်သွားလာရေး၊ ကျေးရွာတွင်း စျေးဆိုင်များ ကုန်ပစ္စည်း သယ်ယူပို့ ဆောင်ရေးများ အခက်အခဲဖြစ်နေသည့်အတွက် ခိုင်ခံ့ကောင်းမွန်သော တံတားတစ်စင်း ပြန်လည် ဆောက် လုပ်ပေး စေလိုကြောင်း ဒေသခံရွာသားများက ပြောသည်။

အခြား ရွာခံတစ်ဦးကလည်း “တံတားတစ်ခု ပြန်ဆောက်ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ မိုးတွင်း ကာလမှာဆို တခြားရွာသွားဖို့ အဆင်ပြေမှာမဟုတ်ဘူး။ လမ်းတံတားဖောက်လုပ် လယ်မြေတွေ ဆုံးရှုံးပြီးမှ သွားလို့မရဘူးဆိုတော့ ကျေးရွာဖွံ့ဖြိုးရေးအတွက် အဆင်မပြေဘူး” ဟု ပြောသည်။

၎င်းတံတားမှာ ၁၀ ပေသာရှိပြီး မိုးရာသီတောင်ကျရေ စီးသောချောင်း ဖြစ်သောကြောင့် တံတားကို ပေ ၃၀ကျော် ဆောက်လုပ်သင့်သလို မိုးတွင်းချောင်းရေနှင့် ဖို့မြေကို သေချာစိစစ်ကာ တံတားဆောက်လုပ်သင့်ကြောင်းလည်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ)နှင့် နီးစပ်သူများထံမှ သိရသည်။

သူးမွဲထအောင်မြေကုမ္ပဏီက ထိုပြိုကျသွားသည့် တံတား၏တန်ဘိုးနှင့် ညီမျှသည့် တံတားတစ်စင်းကို ၂၀၂၂နှစ် ၊ အောက်တိုဘာလ လယ်တွင် အစားထိုး ဆောက်လုပ်ပေးမည်ဟု ပြောဆိုသံများ ကြားသိနေရသော်လည်း ယခုနှစ် အထိ ပြုပြင်‌ဆောက်လုပ်ပေးခြင်း မရှိသေးပေ။