Home သတင်း အုပ်ချုပ်ရေးမှူးအသတ်ခံရမှုနှင့်ပတ်သက်၍ ကျုံပျော်တွင် အရပ်သား ၃ ဦး ထပ်မံအဖမ်းခံရ၊ တစ်ဦး သေဆုံး

အုပ်ချုပ်ရေးမှူးအသတ်ခံရမှုနှင့်ပတ်သက်၍ ကျုံပျော်တွင် အရပ်သား ၃ ဦး ထပ်မံအဖမ်းခံရ၊ တစ်ဦး သေဆုံး

834
Photo: Crd.

ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စု၊ အင်းဖျားကျေးရွာရှိ စစ်ကောင်စီ ခန့်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် သံဃာတော်တစ်ပါးအပါအဝင် အင်းဖျား ဒေသခံ၇ ဦး အဖမ်းဆီးခံရပြီးနောက် နောက်ထပ်ဒေသခံ ၃ ဦး ထပ်တိုးအဖမ်းခံရကာ အဖမ်းဆီးခံရသူထဲမှတစ်ဦးမှာ သေဆုံးသွားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ကျုံပျော်မြို့နယ် အင်းဖျားကျေးရွာအုပ်စု၊ အင်းဖျားကျေးရွာတွင် စစ်ကောင်စီခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းစန်းဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံ ခဲ့ရမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် အင်းဖျားကျေးရွာမှ ဒေသခံ ၂ ဦး ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနှင့် အခြားကျေးရွာမှ ဒေသခံ ၄ဦးတို့ကို စစ်ကောင်စီမှဖမ်းဆီးခဲ့ပြီး မတ်လ ၃၁ ရက်နေ့ ယမန်နေ့ ဧပြီလ ၂ ရက်နေ့က နောက်ထပ် အင်းဖျား ရွာသား ၃ ဦး ထပ်မံအဖမ်းခံရကြောင်း နီးစပ်သည့် ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့က လှေဆွဲက ဦးသန်းထိုက်ဦး ကို ဖမ်းသွားတယ်။ မနက် ၅နာရီး ခွဲလောက်က လာရှာတာ။ သူ့အိမ်က ဓနိတောသွားတယ်ပြောလို့ ဓနိတောအထိ လိုက်ဖမ်းတာ။ ဖမ်းပြီးနောက်နေ့ သေ တယ်လို့ ကြားတယ်။ ကိုယ့်ကိုယ်ကို ဆွဲကြိုးချသေတယ်လို့တော့ပြောတယ်။ နောက်ထပ် ၂ဦးက ဂွန် ဒေါင်း (ထော်လာဂျီ) လိုင်းဆွဲတဲ့ ဦးမြင့်မြင့်သိန်းနဲ့ဒေါ်အုန်းကြည်ရဲ့သားအကြီး နာမည်တော့မသိဘူး။ သူတို့ကို မနေ့က လာဖမ်းသွားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဖမ်းဆီးခံရပြီး သေဆုံးသွားသူ ဦးသန်းထိုက်ဦးဆိုသူမှာ သေနတ်ဖြင့် ပစ်သတ်ခံရသည့် စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး ဦးထွန်းစန်းနှင့် မယားညီအစ်ကို တော်စပ်သူတစ်ဦးဖြစ်ပြီး နောက်ထပ် အဖမ်းဆီး ခံရသူ ၂ ဦးမှာ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရကြောင်းနှင့် မိသားစုဝင် များမှလည်း အဆက်အသွယ် မရကြကြောင်း အဆိုပါ နီးစပ်သည့် ဒေသခံက ဆက်ပြောသည်။

“ဘာကြောင့် လာဖမ်းသွားလဲဆိုတာတော့ မသိရဘူး။ ဒါပေမဲ့ ကြားမိတာကတော့ ဖေ့ဘွတ် messenger တို့ ၊ ဖုန်း message(စာတို) တို့ ဖုန်းအဝင်ခေါ်ဆိုမှု တို့ကနေ လိုက်ပြီး အဆက်အသွယ် လုပ်ထားသူ တွေကို ဆင်းဖမ်းတာလို့တော့ ကြားတယ်။” ဟု အဆိုပါ နီးစပ်သူက ဖြည့်စွက်ပြောသည်။

ယခင်အဖမ်းဆီးခံခဲ့ရသူ (၇)ဦးထဲမှ ဦးပြည့်စုံ ထမင်းဆိုင်ပိုင်ဆိုင် အမျိုးသားကို လာမည့် ဧပြီလ ၆ ရက်နေ့တွင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ကျန်သူများမှာ ယနေ့အချိန် အထိ မိသားစုဝင်များမှ အဆက်အသွယ်မရကြသေးကြောင်းလည်း နီးစပ်သည့် ဒေသခံများက ဆိုသည်။

ထိုအပစ်သတ်ခံလိုက်ရသည့် အင်းဖျားကျေးရွာ ဥက္ကဋ္ဌဆိုသူမှာ ယခင် ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာ တွင် စစ်ကောင်စီနှင့်ဒေသခံတို့အကြား ဖြစ်ပွားခဲ့သည့် အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်တွင် တရားခံ (ဒလန်)ဟု နာမည်ကြီးနေသူတစ်ဦးဖြစ်သည်။ ယခု၎င်းပစ်သတ်ခံရမှုတွင် မည်သူမည်ဝါ မည်သည့် အဖွဲ့ အစည်းက ပြုလုပ်သွားကြောင်း မသိရသေးဘဲ ကေအိုင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို တရားဝင် ထုတ်ပြန်ထားခြင်းမရှိ သေးကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ကလည်း ကျုံပျော်မြို့နယ်၊ သောင်ကြီးတိုက်နယ်၊ ဇရစ်ရိုး ကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာတွင် စစ်ကောင်စီသတင်းပေး (အရပ်အခေါ်ဒလန်)၏ သတင်းပေးမှု ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) မဟုတ်သည့် ဒေသခံကျေးရွာလူထုနှင့် စစ်ကောင်စီတပ် အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြားဖမ်းဆီးခံလိုက်ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ဒေသခံ ၂၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များနှင့် မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များကို ထောက်ပံ့ပေးသည်ဟုဆိုကာ ဖမ်းဆီးသွားမှု ဖြစ်ရပ်ဖြစ်ပေါ်ခဲ့သေးသည်။

ယခင်ရက်ပိုင်းများကစ၍ ညောင်တုန်း ၊ ကျုံပျော်မြို့နယ်များအပြင် ဝါးခယ်မမြို့နယ်များအထိ ဆက်တိုက်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဧရာဝတီတိုင်း ကရင်လူငယ်တစ်ဦးက ပြောသည်။

၎င်းဖြစ်စဉ်တွင် ဒေသခံပြည်သူများ အပါအဝင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများကို စစ်ကောင်စီတပ်၊ ရဲနှင့်သတင်းပေးများက ပေါင်းပြီး မြို့ပေါ်နှင့် ကျေးရွာများတွင် ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးနေခြင်းဖြစ်ကြောင်းနှင့် ယခင်ရက်ပိုင်းများမှစ၍ ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။