ဧပြီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
သထုံခရိုင်၊ ကရင်လူငယ်အစည်းအရုံး (KYO)၏ (၇)ကြိမ်မြောက် ကွန်ဂရက်ကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ခေါင်းဆောင်သစ်များကို ရွေးကောက်တင်မြောက်ခဲ့သည်ဟု သထုံခရိုင် KYO က ပြောသည်။
အဆိုပါ ကွန်ဂရက်တွင် အမြဲတမ်းကော်မတီ၂၁ ဦးနှင့် အလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦးရွေးချယ်တင်မြောက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သထုံခရိုင် KYO ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခံရသူ စောလွမ်းမိုးနိုင်က ကေအိုင်စီသို့ ယခုလို ပြောသည်။
“အမြဲတမ်းကော်မတီက ကရင်လူငယ်အစည်းအရုံး(ဗဟို)ရဲ့ ဖွဲ့စည်းပုံမှာလည်းမရှိသေးဘူး။ ကျနော်တို့ခေတ်မှာ တော့လူငယ်တွေ အားကောင်းမှုတစ်ခုပဲ။ လူငယ်တွေ စိတ်ခွန်အားပြင်းထန်ပြီး လာရောက်ပူးပေါင်းလုပ်ကိုင်မှုများ လာတဲ့အပေါ် အမြဲတမ်းကော်မတီ ၂၁ဦး၊ အလုပ်အမှုဆောင်က ၉ ဦးဖွဲ့စည်းနိုင်ခဲ့တယ်။ ရှေ့လုပ်ငန်းစဉ် (၁၁)ချက်လည်း ချမှတ်ခဲ့တယ်”ဟု စောလွမ်းမိုးနိုင်က ပြောသည်။
အဆိုပါ ရွေးကောက်တင်မြောက်လိုက်သည့် သထုံခရိုင် KYO အလုပ်အမှုဆောင် ၉ ဦးတွင် ဥက္ကဋ္ဌအဖြစ် စောလွမ်း မိုးနိုင်၊ ဒုဥက္ကဋ္ဌ စောစိုင်းနေ၊ အတွင်းရေးမှူး စောတာနေသား၊ တွဲဖက်အတွင်းရေးမှူး စောထူးစော၊ စည်းရုံးရေး နှင့်ပြန်ကြားရေတာဝန်ခံ စောညီညီထက်၊ လူမှုရေးတာဝန်ခံ နော်ကြည်ဝင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ စောကျော်ဝင်းထက်၊ ဘဏ္ဍာရေးတာဝန်ခံ နော်ခင်ခင်ချစ်နှင့် စာရင်းစစ်တာဝန်ခံ နော်ယမင်းစိုးတို့ကို အသီးသီး ရွေးကောက် တင်မြောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ KYO ကွန်ဂရက်ကို ပြီးခဲ့သည့် ဧပြီလ ၇ ရက်မှ ၈ရက်နေ့အထိ နှစ်ရက်တာပြုလုပ်ခဲ့ရာ သထုံခရိုင် KNU ခေါင်းဆောင်များ၊ ဗဟို၊ ခရိုင်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖားအံမြို့နယ်၊ မော်စကိုအထူး ဒေသ လူငယ်ကိုယ်စားလှယ်များနှင့် လေ့လာသူများ အပါအဝင် စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရင်လူငယ်အစည်းအရုံး-KYO ၏ ဖွဲ့စည်းပုံအရ မြို့နယ်နှင့်ခရိုင်အဆင့်ကို ၂ နှစ်တစ်ကြိမ် ကွန်ဂရက် ကျင်းပပြုလုပ်ပြီ ဗဟိုအဆင့်ကို ၄ နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိသည်။



















