Home သတင်း စစ်ကောင်စီတပ်၏မိုင်း နင်းမိသည့် ဘုန်းကြီးနှင့်အရပ်သားတို့နှစ်ဦး ခြေတစ်ဖက်စီဖြတ် လိုက်ရ

စစ်ကောင်စီတပ်၏မိုင်း နင်းမိသည့် ဘုန်းကြီးနှင့်အရပ်သားတို့နှစ်ဦး ခြေတစ်ဖက်စီဖြတ် လိုက်ရ

967
Photo: CJ

ဧပြီ ၁၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့က တောင်စွန်းစစ်ကောင်စီတပ်နှင့် အနန်းကွင်းစစ်ဗျူဟာစခန်းတို့ ထောင်ထားသည့်မိုင်း နင်းမိသည့် ဘုန်းကြီးတစ်ပါးနှင့် အရပ်သားတစ်ဦး ခြေတစ်ဖက်စီ ဖြတ်ထုတ်လိုက်ရ သည်ဟု ဒေသခံများက ပြောသည်။

အနန်းကွင်းရွာ အထက်တန်းစာသင်ကျောင်းဝင်းတွင်း စစ်တပ်ထောင်ထားသည့် မိုင်းအား ဝင်းရော်ဒေသခံ စောဒါးပို(အမည်လွဲ)က နင်းမိ၍ ၎င်း၏ညာခြေတစ်ဖက်ထိမှန်ခဲ့ပြီး အလားတူ တောင်စွန်းရွာဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဦးဇင်း အရှင် ဆန္ဒနက ဘုရားသာသနာ့ ဝေယျာဝစ္စအား တက်ရောက်ရှင်းလင်းရင်း စစ်ကောင်စီတပ်၏ မိုင်းနင်းမိ၍ ဘယ်ခြေတစ်ဖက် ပြတ်ထွက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

“ အနန်းကွင်းစစ်တပ်က ရွာအထက်တန်းစာသင်ကျောင်းမှာ မိုင်းထောင်ထာတယ်။ တစ်ခြားနေရာတွေမှာရော ထောင်ထားတာရှိတယ်။ မနေ့က ရွာသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ဖြတ်လိုက်ရတယ်။ တောင်စွန်းတောင်ပေါ် ဘုရားပုရဝုဏ်မှာလည်း မနေ့က မိုင်းနင်းတဲ့ ဘုန်းကြီးတစ်ပါးလည်း ခြေတစ်ဖက်ဖြတ်လိုက်ရပြန်တယ်” ဟု ရွာသားတစ်ဦးက ဧပြီ ၁၂ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အနန်းကွင်းရွာလယ်တွင် အခြေစိုက်ထားသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် – ရတခ လက်အောက်ခံ စစ်ဗျူဟာနှင့် တောင်စွန်းရွာ ဘုန်းတော်ကြီးကျောင်းသာသနာ့ ပုရဝုဏ်ဧရိယာဝင်းတွင် စခန်းချနေထိုင်သည့် ခြေလျင်တပ်ရင်း-ခလ၇ ၂၈၃ နှင့် နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်ဖွဲ့တို့သည် ကျေးရွာစာသင်ကျောင်းဝင်းများနှင့် လူနေအိမ်၊ ဥယျာဉ်ခြံ၊ သာသနာ့မြေဧရိယာဝင်းအထိ လိုက်လံ မိုင်းထောင်ထားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

KNU ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုတွင် ပါဝင်သည့် တံခွန်တိုင်၊ တောင်စွန်း၊ လွတ်ရှမ်း၊ အနန်းကွင်းရွာတို့တွင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း စခန်းချနေထိုင်လျက်ရှိနေပြီး ၎င်းတို့စခန်းရှေ့ဖြတ်သန်းသွားလာသူများအား အဓမ္မငွေကြေးတောင်းခံနေသည့်အပြင် အရပ်သားများကိုလည်း သေနတ်ဖြင့် မကြာခဏလှမ်းပစ်ခတ်လေ့ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတွင် လွတ်ရှမ်းရွာ အခြေစိုက်သည့် စစ်ကောင်စီ ပူးပေါင်းတပ်က ဆိုင်ကယ်ဖြင့် ဖြတ်သွားသော နန်းခွီရွာသားတစ်ဦးအား သေနတ်ဖြင့်လှမ်းပစ်ခတ်သည့်အတွက် ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံယူ ခဲ့ရသေးသည်။

ထို့အပြင် ဘုရားသိမ်တော်သမုတ်ရန် သံဃာတော်များစီးနင်းလာသည့်ကားအား တောင်စွန်းရွာ စစ်ကောင်စီတပ်စခန်းရှေ့ ဖြတ်သန်းသွားစဉ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီက သေနတ်ဖြင့် လှမ်းပစ်ခတ်ခဲ့သည့်အတွက် ကားမှန်ကို ထိမှန်ပြီး ဘုန်းကြီးတစ်ပါး ဒဏ်ရာရခဲ့သေးသည်ဟု ရွာသားများထံမှ သိရသည်။

တောင်စွန်းစခန်းနှင့် အနန်းကွင်းစစ်ဗျူဟာစခန်းအနီးဝန်းကျင် အများသွားလာနေသည့် ဧရိယာများတွင်ပါ စစ်ကောင်စီက မိုင်းထောင်ထားသည့်အတွက် ဒေသခံများ၏ မွေးမြူ ရေးတိရိစ္ဆာန်များ မကြာခဏမိုင်းနင်းသေဆုံးကြရသည့်အပြင် အဆိုပါ ပေါက်ကွဲသွားသည့် မိုင်းတန်ဖိုးကိုပါ ပြန်လျော်ပေးရန် ဒေသခံများအား စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုမှုများရှိသည်ဟု ဝင်းရော်ဒေသခံများက ပြောသည်။