Home သတင်း ပိုင်ကျုံမြိုနယ် မိချောင်းအုပ်စုအတွင်းရှိ ကျေးရွာများ သောက်သုံးရေ အခက်ခဲဖြစ်နေ

ပိုင်ကျုံမြိုနယ် မိချောင်းအုပ်စုအတွင်းရှိ ကျေးရွာများ သောက်သုံးရေ အခက်ခဲဖြစ်နေ

1046

ဧပြီ ၂၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ ပိုင်ကျုံမြိုနယ်၊ မိချောင်းအုပ်စုအတွင်းရှိ ကျေးရွာဒေသများမှ ဒေသခံ ပြည်သူများ သောက်သုံး ရေအဖြစ် အဓိက အသုံးပြုနေသော ချောင်းတွင်းသို သစ်သယ်ကားများ နေ့စဉ် ဖြတ်သန်းသွားလာမှု ပြုလုပ် ခြင်းကြောင့် ရေများ ပျက်စီးကာ သောက်သုံးရေအခက်အခဲ ဖြစ်စေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် အဆိုပါ စမ်းချောင်းရေနှင့် တောင်ကျရေကို သောက်သုံးရေအဖြစ် အဓိက အား ထားအသုံးပြုနေရပြီး နယ်ခြားစောင့် (BGF)လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်နေသည့် သစ်သယ် ကားကြီးများ၏ ဖြတ်သန်း မောင်းနှင်မှုများကြောင့် ရေများ နောက်ကာ သောက်သုံးရေအဖြစ် အသုံး ပြုရန် ခက်ခဲသွားပြီး ရေရရှိရန် ကျေးရွာနှင့်ဝေးသည့် စမ်းချောင်း အထက်ပိုင်းနေရာများကို သွားရောက် သယ်ယူ အသုံးပြုနေရကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက “ကျနော်တို့ရွာက နွေရာသီရောက်ရင်လည်း ဒီစမ်းချောင်းက ခမ်းမ သွားဘူး။ ဒီစမ်းချောင်းမှာဘဲသုံးတယ်။ ဒီစမ်းချောင်းမှာ ကားတွေဖြတ်မောင်းတယ်။ ရေက အသုံးပြု လို့ မရတော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

၎င်းစမ်းချောင်းရေများသည့် လက်ရှိ နွေရာသီကာလအထိ ခမ်းခြောက်သွားခြင်းမရှိဘဲ ရေစီး ရေလာ ကောင်း သေးသောကြောင့် ဒေသတွင်း သောက်သုံးရေအတွက် ပူပန်စရာလိုသော်လည်း ယခုနှစ်အတွင်း သစ်များ ထုတ်ယူမှု များလာကာ သစ်ကားကြီးများအသုံးပြု၍ သစ်များကို သယ်ယူရာတွင်း ချောင်းကို ဖြတ်မောင်း ခြင်း ကြောင့် ရေများ ပျက်စီးသွားရခြင်းဖြစ်သလို ရေပိုက်များသစ်ကားများကြောင့် ထိခိုက် ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ မိချောင်းအုပ်စုအတွင်းရှိ ကျေးရွာဒေသများတွင် ရေတွင်းတူးခြင်း၊ အဝီစိတွင်းဖြင့် ရေထုပ်ယူခြင်းတို့ကို ပြုလုပ်၍မရသောကြောင့် ဒေါနတောင်ကျရေကို ပိုက်သွယ်တန်းပြီး ကျေးရွာအတွက် ရေများ အသုံးပြု နေရသလို ‌ရေပိုက်မရောက်သော ကျေးရွာများက အဆိုပါ စမ်းချောင်းရေကို အဓိက အသုံးပြုနေကြခြင်း ဖြစ် သည်။

လက်ရှိတွင် ရေများညစ်ညမ်းသွားသောကြောင့် ဒေသခံများအနေဖြင့် ကျေးရွာနှင့်ဝေးသော တောင်ကျ ချောင်းရေ ရှိရာသို့ ပုံစံမျိုးစုံဖြင့် သွားရောက် သယ်ယူ အသုံးပြုနေကြရပြီး အဆိုပါ ရေသယ်ယူရာလမ်းများ သည်လမ်း အလွန်ကြမ်းတမ်းကြောင်း နောက်ထပ် ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ထော်လာဂျီရှိတဲ့လူက ထော်လာဂျီနဲ့သယ်တယ်။ ဆိုင်ကယ်နဲ့သွားသယ်တယ်။ သယ်တဲ့ နေရာ က ရေမရှိ တဲ့ စမ်းချောင်းကိုဖြတ်ရတယ်။ စမ်းချောင်းအထက်ပိုင်းတွေပေါ့။ ရေရှိတဲ့နေရာဘဲသွား သယ်ရ တာပေါ့။ လမ်းကလည်းကြမ်းတယ်။ သေချာသွားရတယ်နှစ်ယောက်သွားမှ ရတယ်ဒီနှစ်မှ ဒီလိုဖြစ်တာ”ဟု ကေအိုင်စီသို့ ပြောသည်၊

အလားတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလက မိချောင်းကျေးရွာအုပ်စု တမိုလားခီးရွာကို ရေသွယ်တန်း ထား သည့် ရေပိုက်များပေါ်သို့ သစ်သယ်ကားများ ဖြတ်သန်း သွားလာမှုများ‌ကြောင့် အဆိုပါ ရေပိုက်များ ထိခိုက် ပျက်စီးကာ ရေပိုက်များ အသုံးပြု၍မရတော့ပဲ အနီးအနားရှိ စမ်းချောင်းမှ ရေများကို ‌သယ်‌ဆောင်ပြီး သောက်သုံးရေအတွက် အသုံးပြုခဲ့ကြရသေးသည်။