Home သတင်း ပကာရီကျေးရွာတွင် စစ်ကောင်စီ အင်အား ၂၀၀ခန့် စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာနေပြည်သူများ တိမ်းရှောင်နေကြရ

ပကာရီကျေးရွာတွင် စစ်ကောင်စီ အင်အား ၂၀၀ခန့် စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာနေပြည်သူများ တိမ်းရှောင်နေကြရ

1149
Photo: CJ

ဧပြီလ၂၀ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာဘက်ကို အာဏာသိမ်းစစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာအတွင်း နေထိုင်သူများသည် ဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာကို ပြီးခဲ့သည့် ဧပြီလ ၁၉ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး ယနေ့ဧပြီလ၂၀ရက်နေ့ထိ ထားဝယ်မြို့နယ် ဗျောတောဝမှ တဆင့် ပကာရီကျေးရွာဘက်ကို ခြေလျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတချို့ကို ဖမ်းဆီးမှုများ လုပ်ဆောင်နေသောကြောင့် ကျေးရွာရှိ ပြည်သူများအနေဖြင့် ထွက်ပြေးရှောင်တိမ်းနေကြရကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အဲ့ဒီခွေးစစ်ကြောင်းကတော့ အရှေ့တောနယ်ဘက်ကို စစ်ကြောင်းထိုးနေတာ။အခုချိန်ထိ လှုပ်ရှားနေ တာတွေတော့ရှိတယ်။ ပြီးခဲ့တဲ့ရက်ကလည်းရွာက ငါးယောက်ဖမ်းခံထိတယ်။ တချို့ရွာသားတွေကျတော့ သတင်း ကြိုတင်ရကြတော့ ကြိုပြီးရှောင်ကျတယ်လေ။သူတို့ကအဲ့လိုတွေ စစ်ကြောင်းခဏ ခဏ ထိုးတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုလို စစ်ကောင်စီက မကြာခဏ ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်မှုများ ပြုလုပ်သော ကြောင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်ပြီး ယခင်ထက် တိုက်ပွဲပိုမို ပြင်းထန်လာနိုင်ကြောင်း အရှေ့တောနယ်ဒေသအတွင်း စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဆိုသည်။

OAK AWE Column -Dawei Regionမှ ပြန်ကြားရေးတာဝန်ခံရဲဘော်ရောင်နီက “စစ်ကြောင်းရဲ့ အခြေအနေကို ကြည့်ပြီးတော့ ကြိုတင်ပြီး စစ်ဘေးရှောင်နေရတာတွေရှိတယ်။ အခုလက်ရှိအခြေအနေမှာတော့ စစ်ကြောင်း ထိုးခံရတဲ့ ပကာရီတစ်ရွာလုံးရယ်၊ ဘေးနားကရွာတွေရယ်ဆိုရင် အနည်းဆုံးတစ်ထောင်ကျော် နှစ်ထောင်ဝန်း ကျင်လောက်တော့ရှိတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း ပကာရီရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။