Home သတင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး KNLA တပ်မဟာ(၅)ထံ လက်နက်ချ

စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး KNLA တပ်မဟာ(၅)ထံ လက်နက်ချ

1012

ဧပြီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်​မြေ စစ်ကောင်စီ၏ လယ်တိုးစခန်းရှိ စစ်ကောင်စီတပ်သား (၄)ဦးသည် အစားအစာအပြည့်အဝ မစားရသည့်အတွက် ကရင်အမျိုးသားလွတ်​​မြောက်ရေးတပ်မ​တော်- KNLA တပ်မဟာ(၅)ထံ လက်နက်နှင့်အတူ ဝင်ရောက်လက်နက်ချခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်က ဧပြီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရှေ့တန်းထွက်စစ်မြေပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် KNLA တပ်မဟာ(၅) ထံ လစဉ်နီးပါး လက်နက်ချ ဝင်ရောက်လျက်ရှိပြီး ယခုဧပြီလ (၁၀) ရက်နေ့တွင်လည်း စစ်ကောင်စီ လယ်တိုးစခန်းရှိ ​​ခြေမြန်တပ်ရင်း ခမရ-၃၄၁မှ တပ်ဖွဲ့ဝင် (၄)ဦး လက်နက်အပြည့်အစုံအတူ ထပ်မံဝင်ရောက်လက်နက်ချခြင်းဖြစ်ကြောင်း မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါရှေ့တန်းစခန်းကို လာရောက်တာဝန်ထမ်းဆောင်ချိန်တွင် ခေါင်းဆောင်များ၏ နိုင်ထက်စီးနင်းဆက်ဆံမှုများ ခံရသည့်အပြင် လက်အောက်ငယ်သားများမှာ နေ့စဉ်အစားဝဝ မစားရသည့်အပေါ် ဆက်လက်မခံနိုင်တော့သည့်အတွက် ယခုလို KNLA ထံ ဝင်ရောက်လက်နက်ချခြင်းဖြစ်သည်ဟု လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကပြော​ကြောင်း မူတြော်ခရိုင်သတင်းစဉ်တွင် ​ဖော်ပြထားသည်။

KNLA တပ်မဟာ(၅) ထံ ဝင်ရောက်လက်နက်ချသည့် စစ်ကောင်စီ ခမရ-၃၄၁တပ်ရင်းမှ တပ်သား(၄)ဦးမှာ မောင်တိုးတိုး (၂၈)နှစ်၊ အောင်ပိုင်ဖြိုး(၂၃)နှစ်၊ ရဲထက်ကျော် (၂၁)နှစ်နှင့် ချိုလွင်ဦး (၃၀)နှစ်တို့ဖြစ်ကာ ၎င်းတို့နှင့်အတူ MA-1 ၄လက်၊ ကျည်ဆံအပြည့်ပါ ကျည်ဘောက်(၁၆)ချပ်၊ လက်ပစ်ဗုံး ၂လုံးနှင့် ခွင်းဗုံး ၅လုံးနှင့်အတူ ယူဆောင်လာကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် KNLAထံ လက်နက်ချလာသည့် အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်(၄) ဦးသည် KNLAတပ်မဟာ(၅) လက်အောက်ခံ တပ်သားများနှင့်အတူ ပူးပေါင်းကာ ၎င်းတို့၏ စစ်ကောင်စီ တပ်ကို ပြန်လည်တန်ပြန်တိုက်ခိုက်ရန် ဆန္ဒရှိကြောင်းကိုလည်း ပြောဆိုထားကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း တပ်မဟာ(၅) နယ်မြေတွင် ရှေ့တန်းထွက်နေသည့် စစ်ကောင်စီ ခမရ-၄၃၄ တပ်ဖွဲ့ဝင်တစ်ဦးသည်လည်း ၎င်းတို့၏ ခေါင်းဆောင်များ၏ ညင်းပန်းနှိပ်စက်မှုဒဏ်ခံရပြီး အစာရေစာ ဝအောင် မစားရသည့်အတွက် KNLAတပ်မဟာ(၅) ထံ အလားတူ လက်နက်ချလာခြင်းရှိသည်ဟု ကေအဲန်ယူမူတြော်ခရိုင်သတင်းစဥ်၏ ထုတ်ပြန်ထားချက်အရသိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ အသီးသီးထံ လက်နက်ချရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွေးထွေးစွာဖြင့် လက်ခံစောင့်ရှောက်ထားလျက်ရှိကြောင်းလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLAက ပြောဆိုထားသည်။