Home သတင်း တောင်စွန်းဘုရားပုရဝုဏ်အတွင်း စစ်တပ်ထောင်ထားသည့်မိုင်းနင်းမိ၍ ဘုန်းကြီးတစ်ပါးခြေတစ်ဖက်ပြတ်

တောင်စွန်းဘုရားပုရဝုဏ်အတွင်း စစ်တပ်ထောင်ထားသည့်မိုင်းနင်းမိ၍ ဘုန်းကြီးတစ်ပါးခြေတစ်ဖက်ပြတ်

869
Photo: CJ

ဧပြီလ ၁၂ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ တောင်စွန်းကျေးရွာ တောင်ပေါ်ရှိသာသနာ့ပုရဝုဏ် ဧရိယာအတွင်း ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ ဘုန်းကြီးတစ်ပါး ခြေတစ်ဖက်ပြတ်ထွက်သွားပြီး အရေးပေါ်ဆေးကုသနေရသည်ဟု ကျေးရွာဒကာ၊ ဒကာမများထံမှ သိရသည်။

တောင်စွန်းရွာဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သက်တော် ၂၄ နှစ်၊ ဝါတော် ၃ ဝါရှိ ဦးဇင်း အရှင်ဆန္ဒနသည် ယနေ့ နံနက်၉ နာရီဝန်းကျင်အချိန် တောင်စွန်း တောင်ထိပ်ပေါ်တွင် တည်ထားသည့် ဘုရားစေတီနှင့် ဆောက်လုပ်နေ ဆဲတောင်တက်လှေခါးအား ၎င်း၏ဒကာ ၂ ဦးနှင့်အတူ တက်ရောက်ကြည့်ရှုရင်း စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကိုတက်နင်းမိခြင်းဖြစ်သည်ဟု ဝင်ရော်ဒေသခံများက ပြောသည်။

“ တောင်ပေါ်မှာ စေတီတည်ထားတယ်။ တောင်တက်လှေခါးလည်း တစ်ဝက်လောက်ပြီး နေပြီး။ တိုက်ပွဲဖြစ်တော့ ရပ်နားထားလိုက်ရတယ်။ ဒီနေ့တော့ ဦးဇင်က တောင်ပေါ် သာသနာ့ပုရဝုဏ်အတွင်းက ဘုရားဝေယျာဝစ္စတွေ သန့်ရှင်းရေးတွေ သွားလုပ်တယ်။ တောင်ပေါ်အဆင်း တစ်ဝက်လောက်မှာ မိုင်းနင်းမိတာပါ။ ဘယ်ဖက်ခြေ ပြတ် ထွက်သွားတယ်။ အရေးပေါ်ကုသနိုင်ဖို့ မော်လမြိုင်ပို့ထားတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

တောင်စွန်းရွာ ဘုန်းကြီးကျောင်း သာသနာ့ပုရဝုဏ်ဧရိယာဝင်းအတွင်း နေထိုင်သည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် တော်လှန်ရေးအဖွဲ့တို့ ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာဦးကျောင်းနှင့် တောင်ခြေကျောင်းရှိ သံဃာတော်များ ယနေ့အချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး ဒေသခံရွာ သားများ လည်း နေအိမ်မပြန်လာနိုင်ကြသေးပေ။

တောင်စွန်းရွာတွင် နေထိုင်သည့်စစ်တပ်က ကျေးရွာလူနေအိမ်၊ ခြံ၊ ဥယျာဉ်များနှင့် သာသနာ့ပုရ ဝုဏ်ဧရိယာများတွင် မိုင်းထောင်ထားလေ့ရှိသည့်အတွက် မွေးမြူရေးတိရစ္ဆာန်များလည်း မကြာခဏ မိုင်းနင်းမိသေဆုံးမှုများလည်း ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“လူနေအိမ် ဥယျာဉ်ခြံတွေမှာလည်း မိုင်းထောင်ထားတယ်။ အရင်က သူတို့စခန်းကို လာပစ်ခဲ့တဲ့နေရာတွေ မိုင်း လိုက်ထောင်ထားတယ်။ သူတို့မိုင်းနင်းမိလို့ ရွာက နွား ၅ ကောင်သေခဲ့ပြီ။ အရင်လတွေက ဆရာတော်တွေ စီး လာတဲ့ ကားတစ်စီး လှမ်းပစ်ခတ်လို့ ဦးဇင်းတစ်ပါးလည်း ဒဏ်ရာရခဲ့သေးတယ်။ သူတို့မိုင်းတွေ လျှောက်ထောင် ထားတော့ ဘယ်သူမှ ရွာကိုမပြန်လာရဲဘူး” ဟု တောင်စွန်းရွာနှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး ဝင်းရေးမြို့နယ် အုပ်ချုပ်မှုတွင်ပါဝင်သည့် တောင်စွန်း၊ အနန်းကွင်း၊ လွတ်ရှမ်း ရွာသည် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်- BGF တို့ စခန်းချပူးပေါင်းနေထိုင်လျက်ရှိပြီး ၎င်းတို့စခန်းအနီး ထောင်ထားသည့်မိုင်းကြောင့် ဒေသခံနွားများ မကြာခဏတက်နင်းမိသည့်အပေါ် မိုင်းတန်ဖိုးအား ပြန်လျော် ပေးရန် ဒေသခံများအားခြိမ်းခြောက်မှုများလုပ်ဆောင်လျက်ရှိသည်ဟု ရွာသားများထံမှ သိရသည်။

ထို့အပြင် ၎င်းတို့စခန်းရှေ့ ဖြတ်သန်းသွားလာသူများအား အတင်းအဓမ္မငွေကြေး တောင်းခံခြင်း သေနတ်ဖြင့် ပစ်ခတ်ခြင်းများပါ လုပ်ဆောင်နေလျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်လည်း သာသနာ့သိမ်တော်သမုတ်ရန်သွားသည့် ဆရာ တော်များကို တောင်စွန်းစ ခန်းရှေ့အနီးတွင် စစ်ကောင်စီတပ်ကသေနတ်ဖြင့် လှမ်းပစ်ခတ်ခဲ့သည့်အတွက် ဆရာတော်များစီး လာသည့်ကား အား ထိမှန်ခဲ့ပြီး ဘုန်းကြီးတစ်ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ရွာသားများက ပြောသည်။