Home သတင်း ဒူးရင်းသီးစျေးကောင်းရရှိသော်လည်း တိုက်ပွဲများကြောင့် ရောင်းမရဖြစ်နေ

ဒူးရင်းသီးစျေးကောင်းရရှိသော်လည်း တိုက်ပွဲများကြောင့် ရောင်းမရဖြစ်နေ

612

ဧပြီ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယခုနှစ် ဒူးရင်းသီးစပေါ်ချိန်တွင် စျေးကောင်းရရှိသော်လည်း လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရောင်း၍သိပ်မရကြောင်း ဒေသတွင်း ဒူးရင်းသီးရောင်းဝယ်သူများက ပြောသည်။

ယခု ဧပြီလ ဒူးရင်းသီး စပေါ်ချိန်တွင် ကော့ကရိတ်မြို့နယ်ရှိ ဒူးရင်းခြံအထိ ပင်ရင်းစျေးနှုန်းသည် အငယ် ဆုံး (၃,၀၀၀)ကျပ်မှ အကြီးဆုံး (၇,၀၀၀) ကျပ်အထိစျေးရရှိသော်လည်း နယ်မြေ တွင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပြန်လည်ရောင်းချ၍ သိပ်မရကြောင်း ဒေသထွက် သီးနှံများ ရောင်းဝယ်သူ စောအဖောင်က ပြောသည်။

“ကျနော်က ကျုံဒိုးတစ်ဝိုက်မှာ ဒူးရင်းသီး လိုက်ရောင်းတယ်။ ဒါပေမယ့် လူတွေက တိုက်ပွဲကြောင့် စစ်ရှောင်တွေပဲ ရှိတော့တယ်။ ကျုံဒိုးမြို့ထဲတောင် ဆိုင်တွေသိပ်မဖွင့်ဘူး၊ ရောင်းလို့ သိပ်မကောင်းဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် ကော့ကရိတ်-ဖားအံလမ်းမကြီးပေါ်ရှိ ကိုးတိုင်နှင့်ကျုံဒိုးမြို့တွင် ဒူးရင်းသီး ရောင်းချသူနည်းသည့်အပြင် ခရီးသွားနည်းသည့်အတွက် ဒူးရင်းသီးဝယ်သူများလည်း နည်းကြောင်း ရောင်းဝယ်သူများ၏ ပြောဆိုချက်အရ သိရသည်။

ဒူးရင်းသီးများ စတင်ပေါ်သည့် ယခုအချိန်တွင် ဒူးရင်းစျေးကောင်းရသည့်အချိန်ဖြစ်သည့်အတွက် ဒေသတွင်း တိုက်ပွဲ မိုမိုပြင်းထန်လာမည်ကို ကော့ကရိတ်မြို့နယ်ရှိ ဒူးရင်းစိုက်တောင်သူများ စိုးရိမ်ကြ၍ ၎င်းတို့၏ ဒူးရင်းသီးများကို စျေးကောင်းရသည့် အပင်ကြွေသီးကို မစောင့်တော့ဘဲ အသီးရင့်များ ကိုသာခူးပြီး အုပ်မှည့်ကာ အများစုရောင်းကြသည်ဟု ဒူးရင်းသီးရောင်းဝယ်သူတစ်ဦးက ပြောသည်။

ဒူးရင်းခြံသမားတစ်ဦးက“ဒူးရင်းသီးက အခုမှစပြီး အသီးမှည့်တဲ့အချိန်ဖြစ်တယ်ဆိုတော့ အပင် ကြွေသီး ကိုပဲ ခြံထဲမှာ သွားစောင့်ရင်လည်း သိပ်မကိုက်ဘူး။ ပြီးတော့ အခြေအနေက ဘယ်လိုလာမလဲမသိဘူး။ တိုက်ပွဲတွေပြန်ဖြစ်ရင် ဒူးရင်းသီးစျေးမရမှာလည်း ကြောက်တယ်။ ပြီးတော့ အုံးမှည့်အသီးလည်း စျေးကောင်းရှိတာပဲဆိုတော့ အုပ်မှည့်အသီးကိုပဲ ရောင်းလိုက်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် ယခုနှစ်တွင် ဒူးရင်းသီးစျေးကောင်းရရှိသော်လည်း ယခင်နှစ်ထက် အသီးအထွက်နှုန်း နည်းသေးကြောင်း ဒူးရင်းခြံသမား၏ ပြောဆိုချက်အရ သိရသည်။

ယခုနှစ်တွင် ဒူးရင်းသီးအပြင် ဒေသထွက် မီးကွတ်သီးလည်း ယခင်နှစ်ထက် ထက်ဝက်နီးပါး စျေးကောင်းရရှိကာ ပြီးခဲ့သည့်နှစ်တွင် မီးကွတ်သီး အလုံး ၁၀၀ ကို (၁၀,၀၀၀)ကျပ်အထိသာ စျေးနှုန်းရရှိပြီး ယခုနှစ်မီးကွတ်သီးစပေါ်ချိန်တွင် (၂၇,၀၀၀)ကျပ်အထိ စျေးရရှိသည်ဟု ဒေသထွက်သီးနှံရောင်းဝယ်သူထံမှ သိရသည်။