ဧပြီလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဦးဆောင်၍ ဧပြီလ ၁၉ ရက်တွင် ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်တွင် ဖက်စစ်ရွေးကောက်ပွဲသပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲ လျှောက် ခေါင်းစဉ်ဖြင့် လူထုသပိတ်လှုပ်ရှားမှု အစီအစဉ်ပြုလုပ်ခဲ့ကြောင်း လောင်းလုံမြို့နယ် ဒေသခံများက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ကျင်းပမည့်ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည်မဟုတ်ကြောင်းနှင့် ၎င်းတို့ (စစ် ကောင်စီ) အာဏာတည်မြဲရေးသာဖြစ်၍ ယခုလို သပိတ်မှောက်မှု အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယင်းသပိတ်စစ်ကြောင်း တာဝန်ရှိသူက ယခုလိုပြောသည်။
“စစ်ကောင်စီက လုပ်မဲ့ ၂၀၀၈ အောက်က ဘယ်လိုရွေးကောက်ပွဲမျိုးကိုမှ လက်မခံဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲလုပ်တာက လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်။ အတိုက်အခံပါတီ အင်အားစုတွေ လက်မခံထားတဲ့ ရွေးကောက်ပွဲကော်မရှင်တွေဖွဲ့စည်းထားသည့်ကော်မရှင်ကနေဦးဆောင်ပြီး လုပ်တဲ့ရွေးကောက်ပွဲ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီးတရားမျှတမှာ မဟုတ်ဘူး။ စစ်တပ်ကနေရွေးကောက်ပွဲ လုပ်တာက သူတို့အာဏာတည်မြဲရေးအတွက် သူတို့အာဏာသိမ်းမှုတရားဝင်ရေးအတွက်ပဲဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် နိုင်ငံရေးပါတီသည် ပြည်သူလူ ထု၏သဘောဆန္ဒအရရပ်တည်ပေးနေရပြီး ယခုအချိန်မှာမူ ပြည်သူလူထု လိုလားတောင်းတသော အရာကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်ကြောင်း DDMSC စည်းရုံး လှုံ့ဆော်ရေးတာဝန်ခံ ဦးမင်းလွင်ဦးက ပြောသည်။

၎င်းက “နိုင်ငံရေးပါတီဆိုတာ ပြည်သူလူထု၏ သဘောဆန္ဒအရ ရပ်တည်အပေးရတာ။ ပြည်သူလူထု၏ သဘောဆန္ဒမပါရင် ဘယ်နိုင်ငံရေးပါတီမှ ရေရှည်ရပ်တည်လို့မရဘူး။ ဒီနေ့ဒီအချိန်မှာ ပြည်သူလူထုက ဘာဖြစ်ချင်လဲဆိုတာ ရှင်းရှင်းလင်းလင်းသိထားပြီးသားဖြစ်တယ်”ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုတရားဝင်ရေးနှင့်စစ်အာဏာတည်မြဲရေးအတွက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)အပါအဝင် ပါတီပေါင်း ၄၀ ဖျက်သိမ်းခဲ့ပြီး အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးထွက် ပေါက်တစ်ခုအဖြစ် အဓမ္မလုပ်ရန်ကြိုးပမ်းနေကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု ကော်မတီ(DDMSC)က ထုတ်ပြန်ထားသည်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု ကော်မတီ(DDMSC)အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားအပါအဝင် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲ သပိတ်မှောက်လှုပ်ရှားမှု အစီအစဉ်များကို ပြုလုပ်လေ့ရှိသည်။



















