Home သတင်း ဆယ်ကျော်သက်အရွယ် မြန်မာရွှေ့ပြောင်းကျောင်းသား ၂ ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့

ဆယ်ကျော်သက်အရွယ် မြန်မာရွှေ့ပြောင်းကျောင်းသား ၂ ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့

1231
Photo: Crd.

ဧပြီ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် ဆာသူးလေ အထက်တန်းကျောင်းတွင် ပညာသင်ယူနေသည့် ဆယ်ကျော်သက်အရွယ် မြန်မာရွှေ့ပြောင်းကျောင်းသား ၂ ဦး ယမန်နေ့ မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီတွင် နယ်စပ်သောင်ရင်းမြစ်တစ်နေရာ၌ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ ၅၀ ကျော်အကွာအဝေးရှိ မယ်ရမတ်မြို့ (မိုခလ)နေပူရှောင်အပန်းဖြေရာ နေရာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ထဲတွင် အဖော်ဖြစ်သူ ဆာသူးလေကျောင်းသား ၆ ဦးနှင့်အတူ သွားရောက်ရေကူးကစားခဲ့သည့် ကျောင်းသားမောင်ဉာဏ်စွယ်စုံ(၁၅) နှစ်နှင့် ကျောင်းသားမောင်ဟိန်းသူဇော် (၁၆) နှစ်တို့ ၂ ဦးသည် ကန့်သတ်ထားသည့် နေရာကျော်သွားခဲ့သဖြင့် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အတူလိုက်ပါခဲ့သူ ကျောင်းသား ရဲလင်းနိုင်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “တစ်နာရီလောက်မှာ မဲဆောက်ကနေစထွက်ပြီး သွားရင်းလမ်းပျောက်လို့ ညနေငါးနာရီလောက်မှာ အဲ့ နေရာရောက်တယ်။ ရောက်ရောက်ချင်း ဗီဒီယိုမှတ်တမ်းအရင်ရိုက်ပြီးမှ ရေကူးဆင်းလိုက်တယ်။ ဆယ်မိနစ်လည်း ကြာရော သူတို့ နှစ်ယောက်က ရေကြီးတဲ့ဘက်ခြမ်းကို ရောက်သွားပြီးတော့ ရေထဲမျှောပါသွားတယ်။ ကျောက်တုံး နားကိုရောက်တော့ ရေစုပ်နေတဲ့အချိန်မှာ တစ်ယောက်အရင်မြှုပ်တယ်။ နောက်တစ်ယောက်က ဝင်ကယ် လိုက်ပြီး သူတို့နှစ်ယောက်မြှုပ်သွားကြတယ်။ ကျနော်လည်း ကျနော့်သူငယ်ချင်းတွေနဲ့ဝင်ကယ်မလို့လုပ်ပြီး ဘေး နားက ကယ်ဆယ်ရေးတွေက ကျနော်တို့ကို လှမ်းခေါ်ပြီးမသွားဖို့ တားတယ်။ ၄၅ မိနစ်ကြာမှ ကယ်ဆယ်ရေး တွေပြန်တွေ့တယ်။”ဟု ပြောသည်။

ထို့နောက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ထိုင်းစစ်တပ်တို့က ၎င်းတို့နှစ်ဦးအား မယ်ရမတ်ဆေးရုံသို့ အလျင်ပို့ဆောင်လိုက်သော်လည်း အသက်မရှိတော့သဖြင့် ညတွင်းချင်းပင် မဲဆောက်မြို့ရှိ ကျောင်းကြီး ဘုန်းကြီးကျောင်းနှင့် တောရဘုန်းကြီးကျောင်းသို့ ပို့ဆောင်ခဲ့သည်ဟု ကျောင်းသား ရဲလင်းနိုင်က ဖြည့်စွက်ပြော သည်။
အဆိုပါ ရေနစ်သေဆုံးသွားသည့် မောင်ဉာဏ်စွယ်စုံသည် သတ္တမ (၇)တန်းတွင် ပညာသင်ယူနေပြီး မောင်ဟိန်း သူဇော်မှာ နဝမ (၉)တန်းတွင် ပညာသင်ယူနေသူဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်တွင် ယခုလို ရုတ်တရက် ရေနစ်သေဆုံးမှုဖြစ်ပွားသွားခဲ့သည့်အပေါ်မှာ နဝမတန်း အတန်းပိုင်ဆရာ စောမင်းနိုင်စိုးက ယခုလို ပြောသည်။

“ကျနော်က အတန်းပိုင်ဆရာဆိုတော့ ကျနော့်အတန်းထဲမှာဆို သူ(ဟိန်းသူဇော်)က ဝင်လာတာနဲ့မှတ်မိတဲ့ကလေး ထဲမှာပါတယ်။ ဘာလို့လဲဆို ဒီကလေးက သူ့သူငယ်ချင်းအပြင် ဆရာဆရာမတွေကို ပျော်စေချင်တဲ့ကလေး တစ်ယောက်ဖြစ်တယ်။ အရင်ပတ်က ကျောင်းပိတ်ပွဲမှာ ကျနော့်ကိုစနောက်သေးတယ်။ ပျော်ပျော်ပါပဲ။ ဒီလိုဖြစ်သွားပြီးစစချင်း ကျနော်က စနောက်နေတယ်လို့ပဲထင်တာ နောက်မှသူတို့နဲ့အတူတူနေ တဲ့သူငယ်ချင်းတွေနဲ့ အခြားဆရာတွေပြောမှ ကျနော်တွေဝေသွားတယ်။ ကျနော်တကယ်နှမြောပြီး ခံစားရတယ်”ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ ရေနစ်သေဆုံးခဲ့သည့် ကျောင်းသား ၂ ဦး၏ ရုပ်အလောင်းကို မဲဆောက်မြို့ ကျောင်းကြီးဘုန်း ကြီးကျောင်းနှင့် တောရဘုန်းကြီးကျောင်းတို့၌ ထားရှိပြီး လာမည့် ဧပြီလ ၄ရက်(အင်္ဂါနေ့)တွင် မီးသင်္ဂြိုဟ်မည်ဟု နီးစပ်သူများက ပြောသည်။

ထိုင်း-မြန်မာ မဲဆောက်မြို့ရှိ ဆာသူးလေအထက်တန်းကျောင်း၌ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် ကျောင်းသူ ကျောင်းသား ၁၀၀၀ (တစ်ထောင်)ခန့် ပညာသင်ယူလျက်ရှိသည်ဟု သိရှိရသည်။