Home သတင်း ကော့ကရိတ်၊ လှိုင်ဝရွာ ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ

ကော့ကရိတ်၊ လှိုင်ဝရွာ ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ

982
Photo: CJ

ဧပြီလ ၄ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာ ပြည်သူ့စစ်တစ်ဦး ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသူမှာ အသက် ၅၄ နှစ်အရွယ် သားငယ်ဆိုသူဖြစ်ပြီး ညာဘက် လက်မောင်းကျိုး၊ နံရိုးကြားထိခိုက်ဒဏ်ရာဖြင့် ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင် ကုသနေစဉ် အသက်သေဆုံးသွားခဲ့သည်ဟု အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံ တစ်ဦးက ပြောသည်။

၎င်းက “ပစ်ခံရတဲ့သူက ပြည်သူ့စစ်လို့ ပြောကြတယ်။ ကိုသားငယ်လို့ သိရတယ်။ သွေးတွေနဲ့ ဆိုတော့သိပ်လည်း ကြည့်မရဲဘူး။ သူတို့အခန်းထဲဝင်တဲ့အချိန်‌တော့ နည်းနည်း စပ်စုလိုက်တယ်။ ဆေးရုံရောက်မှ သေတာ”ဟု ကေအိုင်စီသို့ပြောသည်။

ပစ်သတ်ခံရသူ ကိုသားငယ်သည် ရပ်ကွက်အကျိုးဆောင်၊ တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ် လူသိများသည်ဟုလည်း အခြားကော့ကရိတ်မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“သူက ရွာမှာ ရပ်ကွက်အကျိုးဆောင်၊ တက်ကြွလှုပ်ရှားသူလို့ ပြောတယ်။ အုပ်ချုပ်ရေးမှူးလည်း ပြောတယ်။ ပြည်သူ့ စစ်ဟုတ်မဟုတ်တော့ ကျနော်လည်း သေချာမသိဘူး”ဟု ၎င်း‌ကော့ကရိတ် မြို့ခံက ပြောသည်။

၎င်းပစ်သတ်ခံရမှုဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင် သည်ကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီတစ် လျှောက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ယခုအချိန်ထိ စစ်ကောင်စီ တပ်မှ နေ့ရောညပါ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်‌နေသဖြင့် မြို့တွင်းတွင် ပြည်သူများ သွားလာမှုမရှိသလောက်နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။