“အမျိုးသမီးနှင့် ကျန်းမာရေး (ပညာပေးဆောင်းပါး – ၅)”
နို့တိုက်မိခင်များ ဆောင်ရန်၊ ရှောင်ရန်နှင့် သိရှိထားရန် အချက်များ
မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင် ကလေးငယ်ကို နို့ချိုတိုက်ကျွေးရမည်ဆိုတဲ့ သဘာ၀တရားကပေးအပ်တဲ့ တာဝန်တစ်ရပ်ကို အမျိုးသမီးတွေဟာ ထမ်းဆောင် ကြရပါတယ်။ မိမိကလေးငယ် အာဟာရပြည့်၀စွာဖြင့် ကြီးထွားဖွံ့ဖြိုးဖို့ ၊ ရောဂါဘယတွေကို တွန်းလှန်နိုင်ဖို့အတွက် မိခင်တွေမှာ အရိပ်တကြည့်ကြည့်နဲ့ အစွမ်းကုန် ကြိုးစားနေထိုင်ရတဲ့အချိန်ဟာ နို့တိုက်မိခင်ကာလပါပဲ။
ကလေးငယ်တွေကို အနည်းဆုံး (၆)လ မိခင်နို့ကို မဖြစ်မနေ တိုက်ကျွေးကြရပါတယ်။ မိမိဆန္ဒရှိလို့ ကလေးငယ်ကို (၂)နှစ်အထိ နို့တိုက်ကြတဲ့သူတွေလည်း ရှိပါတယ်။ နုနယ်သေးတဲ့ ကလေးလေးတွေကို ဘယ်လိုစောင့်ရှောက်ရမလဲ ဆိုတာ ဆောင်ရန်၊ ရှောင်ရန်လေးတွေနဲ့ ပြောပြပေးပါမယ်။
ကလေးနို့တိုက်ခြင်း
မိခင်နို့ဟာ ကလေးအတွက် ခန္ဓာကိုယ်ကနေ အသင့်တော်ဆုံးဖြစ်မယ့် ပုံစံတစ်ရပ်နဲ့ ဖန်တီးထားတဲ့ အာဟာရ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ မိခင်နို့ဟာ ကလေးကို ပြင်ပက ရောဂါပိုး တွေ ကူးစက်ဝင်ရောက်မှုကနေ ကာကွယ်ပေးနိုင်တဲ့ ပဋိဇီ၀ပစ္စည်းတွေ အများအပြားပါဝင်နေတယ်ဆိုတာ လူတိုင်းသိပြီး ဖြစ်ပါလိမ့်မယ်။ မိခင်နို့ကို ပြည့်၀စွာ သောက်သုံးခွင့်ရတဲ့ ကလေးငယ်တွေဟာ မိခင်နို့မသောက်သုံးရတဲ့ကလေးငယ်တွေထက် ဉာဏ်ရည်ဉာဏ်သွေးပိုကောင်းတာ၊ အသက်ကြီးလာရင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ သွေးတွင်းကိုလက်စထော များတာတွေ အဖြစ်နည်းစေပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေး ရုတ်တရက် သေဆုံးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
မိခင်တွေအနေနဲ့လည်း မိမိနို့ချိုတိုက်ကျွေးခြင်းဖြင့် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အရိုးပွရောဂါနဲ့ ကလေးမွေးပြီးနောက် စိတ်ကျရောဂါ ခံစားရမှု တွေကနေ ကင်းဝေးစေနိုင်ပါတယ်။
နို့တိုက်မိခင်အတွက် စားသင့်တဲ့အစားအစာများ
နို့တိုက်မိခင်တွေဟာ အာဟာရလုံလောက်စွာ ပါဝင်အောင် စားသုံးဖို့လိုပါတယ်။ ဒါမှသာ မိခင်ကတဆင့် ကလေးငယ်ဆီ အာဟာရလုံလောက်စွာ ရောက်ရှိမှာ ဖြစ်ပါတယ်။ မိခင်နို့ရဲ့ အရည်အသွေးနဲ့ နို့ထွက်နှုန်းတိုးမြင့်လာဖို့ အောက်ပါအစားအစာတွေ စားသုံးပေးသင့်ပါတယ်။
၁။ မိခင်တွေအနေနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် စားသုံးပေးခြင်းဖြင့် ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရရှိမှာ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ဟာ အစာကြေလွယ်ပြီး သွေးတွင်းသကြားဓာတ် မြှင့်တက်စေသောစနစ်(glycemic index) နည်းပါးအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
၂။ ကြက်သွန်ဖြူ စားသုံးပေးပါ။ ကြက်သွန်ဖြူစားလေ့ရှိတဲ့ မိခင်တွေရဲ့ ကလေးတွေဟာ တခြားကလေးတွေထက် နို့သောက်နှုန်း ပိုများပါတယ်။ လေ့လာချက်အရ ဆရာဝန်တွေက တော့ ဒါဟာ မိခင်နို့ရဲ့အရသာ အပြောင်းအလဲကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
၃။ အုတ်ဂျုံ စားပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်ဓာတ်နှင့် ပရိုတိန်းဓာတ်တွေ များစွာ ရရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်တတ်သော ဆီးချိုရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။
၄။ နို့ရည်ပိုထွက်အောင် အချိုများတဲ့ အာဟာရမှုန့်တွေဖျော်သောက်ခြင်းထက် စွပ်ပြုတ်ရည်၊ ဟင်းချိုရည်နှင့် ရေကိုပဲ အလေးထား သောက်သုံးသင့်ပါတယ်။
နို့တိုက်မိခင်တွေအနေနဲ့ အစားအစာ အစုံစားဖို့ လိုအပ်တယ်ဆိုပေမဲ့ ရှောင်ရမဲ့အစားအစာလေးတွေတော့ ရှိပါတယ်။
၁။ ပင်လယ်စာ အစိမ်းစားခြင်းကို ရှောင်ပါ။ ဆာဒင်းငါး၊ မက်ခရယ်ငါး၊ တူနာငါးတို့လို ပင်လယ်ငါးတွေကို တစ်ပတ်နှစ်ကြိမ်အပြင် ပို မစားသင့်ပါဘူး။
၂။ အပူအစပ် အရမ်းစားတာ ရှောင်ပါ။ ကလေးမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။
၃။ မိမိကလေးက လေပွတတ်ရင် ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် လျော့စားပါ။
၄။ အားဖြည့်အချိုရည်တွေလို ကဖင်းဓာတ်ပါတဲ့ အချိုရည်တွေကို ရှောင်ပါ။
၅။ မြေပဲဓာတ်မတည့်မှု မျိုးရိုးရှိတယ်ဆိုရင် ကလေးနို့ဖြတ်ချိန်အထိ မြေပဲနှင့် အစေ့အဆံတွေကို ရှောင်ပေးပါ။
၆။ နို့နှင့် နို့ထွက်ပစ္စည်း ရှောင်ပါ။ နွားနို့မှာပါတဲ့ ပရိုတိန်းနဲ့ ကလေးတော်တော်များများက ဓာတ်မတည့်တတ်ကြပါဘူး။ ဝမ်းပျက်ဝမ်းလျောခြင်း (သို့) ဝမ်းချုပ်ခြင်းစတဲ့ အပျော့စား ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။
၇။ အရည်ရွှမ်းတဲ့ အချဉ်သီးတွေကို ကြိုက်နှစ်သက်တတ်တယ်ဆိုရင် ချင့်ချိန်စားသုံးပါ။ ကလေးငယ်တွေရဲ့ အစာအိမ်အူလမ်းကြောင်းဟာ အလုံးစုံ မဖွံ့ဖြိုးသေးတဲ့အတွက် အချဉ်သီး တွေမှာပါတဲ့ ဒြပ်ပေါင်းတချို့ကြောင့် ထိခိုက်နိုင်ပါတယ်။
၈။ အရက် (သို့မဟုတ်) မူးယစ်စေတဲ့အရည်တွေ သောက်သုံးခြင်းကို ရှောင်ပါ။ အယ်လ်ကိုဟော(Alcohol)တွေ မိခင်နို့ရည်ကတဆင့်ပါလာခြင်းဟာ ကလေးအတွက် ကောင်းကျိုးမရှိတဲ့ အပြင် ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေပါတယ်။
မိခင်တွေဟာ နို့ဆာလျှင် ကလေးငယ် ငိုလိမ့်မည်ဟု ထင်တတ်ကြပါတယ်။ အမှန်တော့ ကလေးငယ်တွေဟာ နို့ဆာလျှင် ငိုတာမဟုတ်ဘဲ နှုတ်ခမ်းများကိုလျက်တာ၊ ဂဏှာမငြိမ်ဖြစ် တာ၊ လက်စုပ်တာ၊ အနီးအနားက စောင်တွေ အဝတ်တွေကို စုပ်တာ စတဲ့ လက္ခဏာရပ်များကိုလည်း ပြသတတ်ပါတယ်။ ဒီလိုတွေလုပ်ပြီဆိုရင်တော့ မိမိကလေးနို့ဆာနေပြီဆိုတာကို သိသင့်ပါတယ်။
နို့တိုက်ခြင်းရဲ့ အကောင်းဆုံးပုံစံက ကလေးငယ်ရဲ့ဦးခေါင်းဟာ မိခင်ရဲ့တံတောင်ခွက်တွင်းမှာထားရှိပြီး တင်ပါးကိုတော့ မိခင်ရဲ့ လက်ဝါးပေါ် ထားရှိရမှာဖြစ်ပါတယ်။ နို့တိုက်စဉ်မှာ မိခင်ရဲ့လက်ချောင်းတွေက နို့အုံအောက်ခြေကို ပင့်ထားရမှာဖြစ်ပြီး လက်မက နို့အုံထိပ်ပိုင်းကို နည်းနည်းချင်းစီ ဖိပေးဖို့ လိုပါတယ်။
ဒါ့အပြင် နို့တိုက်နေစဉ်အတွင်း နို့သက်ခြင်းကြောင့် ကလေးက နို့သီး(နို့နင်)တတ်ပါတယ်။ မိခင်နို့ကိုစို့နေစဉ် ကလေးဟာ ကျောကော့ပြီး မိခင်နို့ကို တွန်းထုတ်ခြင်း၊ ပါးစပ်ထဲ နို့ရည် တွေလျှံလာခြင်း၊ နို့စို့နေစဉ် ချောင်းဆိုးခြင်း၊ နို့သီးခြင်းတွေဖြစ်ပါက နို့တိုက်ခြင်းကို ချက်ချင်းရပ်လိုက်ပါ။ လိုအပ်ပါက နို့ရည်ကို အပြင်သို့ ခဏ ညှစ်ထုတ်ပစ်ပါ။ နို့တိုက်လျှင် နို့တစ် ဖက်တည်းကို အနည်းဆုံးမိနစ် ၂၀တိုက်ပါ။ တစ်ဖက်ပြီးမှ တစ်ဖက်သို့ ပြောင်းတိုက်ပေးပါ။
မိခင်ရဲ့နို့တိုက်ပုံစံစနစ်မကျလျှင်လည်း ကလေးလေထိုးတတ်ပါတယ်။ လေထိုးလေအောင့်ဖြစ်လို့ ကလေးငိုရင် ကလေးကိုမတ်မတ်ထိုင်ခိုင်းပြီး ဝမ်းဗိုက်ကို ညင်သာစွာပွတ်ပြီး ဖိပေးဖို့ လိုအပ်ပါတယ်။ ကလေးကို နို့စို့ပြီးတိုင်း လေထုတ်ပေးဖို့ မမေ့ပါနဲ့။
ကလေးက မိခင်နို့ကို အပြည့်အ၀သောက်ပြီးချိန်မှာ မိခင်နို့အုံက ပျော့ကျသွားရပါမယ်။ တကယ်လို့ ကလေးက ကုန်အောင်မစို့နိုင်ရင် နို့အုံနေရာက တင်းပြီးကျန်နေသေးတယ်ဆိုရင် နို့တွေကို ညှစ်ထုတ်ပစ်ရပါမယ်။ နို့ရည်အကျန်တွေကို မညှစ်ထုတ်ရင် နို့ထွက်နည်းတဲ့ပြဿနာကို ကြုံရတတ်ပါတယ်။
နို့တိုက်ပြီးရင် ကလေးကို ထောင်လျက်ထားပါ။ နို့တိုက်ပြီးလို့ ကလေးအိပ်ချင်တယ်ဆိုရင် ကလေးကို ပေးမမှောက်ဘဲ ခေါင်းအုံးအမြင့်နဲ့ ပက်လက် သိပ်ပါ။ နို့မတိုက်ခင် ကလေးကို သေးခံ လဲဝတ်ထားပေးပါ။ နို့တိုက်ပြီးမှလဲတာက ကလေးဗိုက်ကို ဖိမိစေတဲ့အတွက် နို့တွေ ပြန်အန်ထွက်တတ်ပါတယ်။
ကလေးနို့စို့ပြီးနောက် ခဏအကြာမှာ နို့အန်တတ်ပါတယ်။ ကလေးက အာဟာရလည်း ကောင်းကောင်းရတယ်၊ နို့အန်တာကို မနာဘူး၊ နို့လည်းစို့နိုင်တယ်၊ ကိုယ်အလေးချိန်လည်း မကျသွားဘူးဆိုရင် သာမန်နို့အန်ခြင်းပဲမို့ ပြဿနာမရှိပါဘူး။
အောက်ပါအခြေအနေဖြစ်လာပြီဆိုရင် စိုးရိမ်ရတဲ့အတွက် ဆရာဝန်ပြဖို့လိုပါတယ်။
– ကလေးနို့စို့တိုင်း ချောင်းဆိုးတယ်။ ခဏခဏ လေတက်တယ်။ မျိုချခက်တဲ့ပုံပေါက်တယ်ဆိုရင်
– နို့စို့တိုင်း နှာခေါင်းပိတ်သလို တရွှီရွှီသံထွက်နေရင်
– မကြာခဏ ထိုးထိုးပြီးအန်ရင်
– နို့စို့ပြီးတာနဲ့ ကျောကော့ပြီးအော်ငိုရင်၊ နို့စို့ပြီးတာနဲ့ ဒူးကွေးပြီး အော်ငိုရင်
– ကိုယ်အလေးချိန်တက်မလာဘဲ ကလေးက ပိန်ပိန်သွားရင်
– ချောင်းခဏခဏဆိုးရင် ကလေးဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ပါတယ်။
လုပ်ငန်းခွင်ထဲ အလုပ်လုပ်ရသူ မိခင်တွေအတွက် မိမိနို့ရည်ကို ညှစ်ယူသိုလှောင်ထားပြီး ကလေးနို့ဆာချိန်မှာ ကလေးစောင့်ရှောက်ပေးနေတဲ့သူက အချိန်မှန်တိုက်ကျွေးပေးတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ညှစ်ခြင်း၊ သိုလှောင်ခြင်းနဲ့ ကလေးကို ပြန်လည်တိုက်ကျွေးခြင်း လုပ်ငန်းစဉ်မှာလည်း သေချာလိုက်နာရမဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ နို့ညှစ် ကိရိယာ၊ နို့ထည့်တဲ့အိတ် သန့်ရှင်းမှုရှိအောင်၊ နို့သိုလှောင်တဲ့ အအေးချိန် မှန်ကန်အောင် ဂရုစိုက်ဖို့ အထူး လိုအပ်ပါတယ်။
နို့တိုက်နေစဉ်ကာလမှာ ကလေးဖြည့်စွက်အာဟာရ
မွေးစမှ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ခြင်းဖြင့် မိခင်နှင့်ကလေးကြားက သံယောဇဉ်မေတ္တာကို ခိုင်မာစေတဲ့အပြင် မိခင်ရော ကလေးပါ အကျိုးများစေတဲ့ တခြား အချက်များစွာရှိပါတယ်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ လုံလောက်စွာ မတိုက်ကျွေးနိုင်လျှင်
⁃ မိခင်နို့ မလုံလောက်လို့ နို့မှုန့်တွေ၊ နွားနို့တွေတိုက်တဲ့ ကလေးတွေမှာ နို့နဲ့ဓာတ်မတည့်တဲ့ရောဂါ တွေ့ရတတ်ပါတယ်။ နို့နဲ့ ဓာတ်မတည့်တဲ့အတွက် အရေပြားမှာ အင်ပြင်လိုမျိုး ထွက်တတ်ပါတယ်။ သေချာအောင်လို့ ဓာတ်မတည့်ဘူးထင်တဲ့နို့မှုန့် (သို့) နို့ရည်ကို ၂ပတ်လောက်မတိုက်ဘဲ ထားကြည့်ပါ။ ကလေးအင်ပြင်တွေ သက်သာသွားတယ်ဆိုရင် ဓာတ်မ တည့်တာ သေချာလို့ ဆရာဝန်နှင့်တိုင်ပင်ပြီး နောက်ထပ် နို့မှုန့်တမျိုးကို ပြောင်းလဲသုံးစွဲသင့်ပါတယ်။
⁃ ကလေးငယ် အသက် (၆)လပြည့်ပြီးနောက် ထမင်းရည်တိုက်လို့ ရပါတယ်။ သေချာသန့်စင်ပြီးမှ ချက်ပြုတ်ထားတဲ့ထမင်းရည်ကို ပူပူနွေးနွေး အချိန်လေးမှာ တိုက်ကျွေးဖို့ လိုပါတယ်။ မိခင်နို့ရည် အစားထိုးအနေနဲ့တော့ မတိုက်သင့်ပါဘူး။ ထပ်မံ ဖြည့်စွက်အာဟာရအနေဖြင့်ပဲ တိုက်သင့်ပါတယ်။
⁃ တစ်ခု သတိထားရမှာက ကလေးဟာ လမစေ့ဘဲ မွေးဖွားလာတာဆိုရင်တော့ သူ့ရဲ့အသက်ကိုတွက်ချက်ရာမှာ ပုံမှန်အတိုင်း တွက်လို့မရပါဘူး။ လက်ရှိ ပကတိအသက်အပိုင်း အခြားကို သိရှိနိုင်ဖို့ လက်ရှိ မျက်နှာမြင်ချိန်ကနေ ကလေးကိုစောပြီးမွေးခဲ့တဲ့ ရက် (သို့မဟုတ်) လကို ပြန်နုတ်ကြည့်ရမှာဖြစ်ပါတယ်။ ဥပမာ – ကလေးက မွေးစကနေ အသက် ၆လရှိ နေပြီဆိုပေမဲ့ လမစေ့ဘဲ ၂လ စောမွေးထားတာဆိုရင် သူ့အသက်ကို ၄လပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီလိုတွက်ချက်ထားတဲ့ အသက်အတိုင်းပဲ ကလေးကို ရေတိုက်တာ၊ အစာပျော့ လေးတွေ စတင်ကျွေးတာမျိုး လုပ်ပေးသင့်ပါတယ်။
မွေးကင်းစကလေးငယ်တွေ အဖြစ်များဆုံး ကျန်းမာရေးပြဿနာများ
၁။ တခါတရံ ကလေးမီးဖွားရခက်ခဲတဲ့အခါ ညှပ်ကိုအသုံးပြုပြီး ဆွဲထုတ်ရတတ်ပါတယ်။ ဒီညှပ်ကြောင့် ကလေးခေါင်းမှာ ထိခိုက်မိတာမျိုး ကြုံရတတ်ပါတယ်။ သို့သော် အချိန်တိုအ တွင်း ပျောက်ကင်းနိုင်ပါတယ်။
၂။ အသားဝါရောဂါဟာ မွေးကင်းစမှ တစ်နှစ်အတွင်း ကလေးများမှာ အလွန် အဖြစ်များပါတယ်။ ကလေးကျောက်ကပ်ကောင်းစွာ မဖွံ့ဖြိုးတဲ့အတွက် သွေးထဲက Bilirubin ဓာတ်ကို သိပ်ပြီး မဖယ်ရှားနိုင်တာကြောင့် အသားဝါရောဂါဖြစ်ရတာပါ။ မွေးဖွားပြီး ၂ပတ်ကနေ ၃ပတ်အတွင်း အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ ၃ပတ်ကျော်တဲ့အထိ အသားဝါတာ မပျောက်သွားဘူးဆိုရင်တော့ ကလေးအထူးကုနဲ့ ပြသသင့်ပါတယ်။
၃။ ဝမ်းဗိုက်ကတင်းပြီး ရောင်နေတာဆိုရင် လေပွတာ (သို့မဟုတ်) ဝမ်းချုပ်တာ ဖြစ်နိုင်ပါတယ်။ မိခင်နို့ ပုံမှန်တိုက်ကျွေးခြင်းက ကလေးရဲ့ဝမ်းဗိုက်ဝေဒနာကို ပုံမှန် ပြန်ဖြစ်သွားစေနိုင် ပါတယ်။ ဝမ်းဗိုက်က ဖြစ်သင့်တာထက်ပိုပြီး တင်းမာနေမယ်ဆိုရင်တော့ ဆရာဝန်နှင့်ပြသပေးပါ။
၄။ ခြေလက်များ ပြာနှမ်းခြင်းက မွေးပြီးကာစအချိန်မှာ သွေးလည်ပတ်မှု ကောင်းစွာမရသေးလို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကလေးပါးစပ်မှာပါ ပြာနှမ်းတာ၊ အသက်ရှုရခက်နေတာမျိုး ဆိုရင်တော့ ကလေးရဲ့ နှလုံးနဲ့ အဆုတ်ဟာ ကောင်းကောင်း အလုပ်မလုပ်တာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
၅။ မိခင်မှာ သွေးအားနည်းရောဂါ အခံရှိရင် ကလေးမှာလည်း ဒီရောဂါ ပါလာတတ်ပါတယ်။ ငယ်သေးတဲ့ ကလေးတွေမှာ သွေးအားနည်းရောဂါရှိခြင်းဟာ သေစေနိုင်တဲ့အထိ အန္တရာယ် ကြီးတာမို့ မပေ့ါဆသင့်ပါဘူး။
၆။ ကလေးကို လျှာနဲ့ ခံတွင်းတစ်ဝိုက်မှာ အဖြူရောင်အကွက်များ တွေ့ရပြီးဆိုရင် ခံတွင်းမှိုစွဲခြင်း ဖြစ်နေပါပြီ။ ဒါကို ဆရာ၀န်နဲ့တိုင်ပင်ပြီး မှိုပိုးသတ်ပေးဖို့ လိုအပ်ပါတယ်။
၇။ ကလေးတွေမှာ နားထဲပိုးဝင်တဲ့ ပြဿနာ အဖြစ်များပါတယ်။ ကလေးတွေ နားထဲမှာ ရောဂါပိုးဝင်နေတဲ့အခါ နားရွက်ကို ခဏခဏဆွဲတာမျိုး လုပ်တတ်ကြပါတယ်။ ဗိုင်းရပ်စ်ပိုးဝင် တာက ပိုအဖြစ်များပြီး ရက်အနည်းငယ်အတွင်း သက်သာသွားနိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ရင်တော့ ပျောက်ကင်းဖို့ အချိန်ပိုကြာတတ်ပြီး ကုသမှုမခံယူပါက ကလေးရဲ့ အကြား အာရုံ ထိခိုက်နိုင်ပါတယ်။
၈။ မိုးရာသီမှာ ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါအပြင် ငှက်ဖျားရောဂါနဲ့ chickunguya ရောဂါများပါ ဖြစ်တတ်တဲ့အတွက် သင့်ကလေးကို ခြင်ကိုက်မခံရအောင် အစွမ်း ကုန် ကာကွယ်သင့်ပါတယ်။
ကလေးအသက်အရွယ်အလိုက် ထိုးနှံပေးရမဲ့ ကာကွယ်ဆေးများ
ကလေးငယ်များကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ မဖြစ်မနေ လုပ်ဆောင်ရမဲ့တာဝန်ထဲမှာ ကာကွယ်ဆေးထိုးခြင်းကို အသက်အရွယ်အလိုက် မပျက်မကွက် ထိုးနှံပေးရပါမယ်။
⁃ မွေးကင်စအရွယ်မှာ တီဘီရောဂါအတွက် BCG ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါကာကွယ်ဆေး ပထမအကြိမ်
⁃ (၁)လသားအရွယ်မှာ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး ဒုတိယအကြိမ်
⁃ ရိုတာ(Rota) ဗိုင်းရပ်ကာကွယ်ဆေး ဝမ်းလျောခြင်းမှ ကာကွယ်သည့် သောက်ဆေးဖြစ်သည်။ (ရိုတာ ပထမအကြိမ်သည် ကလေးအသက် ၆ပတ် ပြည့်ရပါမယ်။ ရိုတာ ဒုတိယ အကြိမ်သည် ၂၄ပတ်မကျော်ခင် ဖြစ်ရပါမယ်။)
⁃ (၂)လသားအရွယ်မှာ ဆုံဆို့နာ၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး၊ ပိုလီယိုဗိုင်းရပ်စ်၊ တုပ်ကွေးရောဂါများအတွက် (ပထမအကြိမ်)
⁃ (၄)လသားအရွယ်မှာ ဆုံဆို့နာ၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး၊ ပိုလီယိုဗိုင်းရပ်စ်၊ တုပ်ကွေးရောဂါများအတွက် (ဒုတိယအကြိမ်)
⁃ (၆)လသားအရွယ်မှာ ဆုံဆို့နာ၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး၊ ပိုလီယိုဗိုင်းရပ်စ်၊ တုပ်ကွေးရောဂါများအတွက် (ဒုတိယအကြိမ်)နှင့် အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေး (တတိယအကြိမ်)
⁃ (၉)လမှ (၁၂)လအရွယ် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)နှင့် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် (MMR) ကာကွယ်ဆေး
⁃ (၁၂)လနှင့်အထက် ရေကျောက်ရောဂါကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(အေ) ရောဂါကာကွယ်ဆေး(ပထမအကြိမ်)နှင့် အသည်းရောင်အသားဝါ(အေ) ရောဂါကာ ကွယ်ဆေး(ဒုတိယအကြိမ်)
⁃ (၁၈)လသားအရွယ် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ပိုလီယိုနှင့် တုပ်ကွေးရောဂါများအတွက် ကာကွယ်ဆေး (ပထမအကြိမ် ထပ်မံထိုးနှံခြင်း)
⁃ (၂)နှစ်မှ (၂)နှစ်ခွဲအရွယ် ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် (MMR) ကာကွယ်ဆေး(ဒုတိယအကြိမ်)
⁃ (၄)နှစ်မှ(၆)နှစ်အရွယ် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ပိုလီယိုနှင့် တုပ်ကွေးရောဂါများအတွက် ကာကွယ်ဆေး (ဒုတိယအကြိမ် ထပ်မံထိုးနှံခြင်း)
ကာကွယ်ဆေးထိုးပြီးတဲ့အခါ ချက်ချင်း အိမ်မပြန်ပါနဲ့။ ဓာတ်မတည့်ခြင်းရဲ့တုံ့ပြန်မှုကို စောင့်ကြည့်ဖို့ ဆေးရုံ (သို့) ဆေးခန်းတွင် မိနစ် (၃၀)ခန့်နေပေးပါ။
ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးထိုးထားတဲ့နေရာတစ်ဝိုက် နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ ကာကွယ်ဆေးထိုးထားတဲ့အတွက် အဖျားတက်ခြင်းစတဲ့ အန္တရာယ်မရှိသော အသေးစား ဝေဒနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။
ဖျားနေတဲ့ကလေးဟာ မအီမသာဖြစ်ပြီး ဂျီကျတာ၊ မှိန်းနေတာ၊ အီပြီးငိုနေတာတွေကို သက်သာအောင် ပြုစုပေးပါ။ မိခင်တွေအနေနဲ့ ကလေးဖျားမှာစိုးလို့ သနားလို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ကာကွယ်ဆေး မထိုးပေးချင်တာတွေ ရှိပါတယ်။ ဒါဟာ ကိုယ့်ကလေးကို ချစ်ရာမရောက်ဘဲ ကလေးကို နှစ်ရာရောက်ပါတယ်။ မိခင်တွေအနေနဲ့ ကာကွယ်ဆေးထိုးတယ်ဆိုတာ မဖြစ်မနေ လုပ်ကိုလုပ်ရမဲ့ ကျန်းမာရေးတာဝန်တစ်ရပ် ဖြစ်ပါတယ်။
# Hellosayarwon.com
Ondoctor.com
https://www.samitivejhospitals.com/my/article/detail/immunization-recommendation-for-children