Home သတင်း ရေးတွင် ရာဘာခြံသွားသည့် ညီအစ်ကို ၂ ဦးကို စစ်ကောင်စီတပ်ပစ်ခတ်၍ ဒဏ်ရာရ

ရေးတွင် ရာဘာခြံသွားသည့် ညီအစ်ကို ၂ ဦးကို စစ်ကောင်စီတပ်ပစ်ခတ်၍ ဒဏ်ရာရ

548
Photo: Crd.

ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာတွင် ရာဘာခြံသွားသည့် ညီအစ်ကို ၂ ဦးကို ယမန်နေ့ ဧပြီလ (၂)ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ရာဘာခြံသို့ အလုပ်သွားမည့် ထိုညီအစ်ကိုနှစ်ဦးကို မော့ကနင်ကျေးရွာရှိ စစ်ကောင်စီ ဂိတ်စခန်းက စစ်ဆေးရန်ဆိုင်ကယ်တားမြစ်ရာတွင် ဆက်လက်မောင်းနှင်သွားသောကြောင့် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ညီအစ်ကိုနှစ်ဦးမှာ ခြေထောက်ပေါင်နေရာနှင့် ဒူးထိမှန်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အသင်း တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ရာဘာခြံအသွားပေါ့ လမ်းမှာပစ်ခံထိတာ။ ရေးမှာက မာရှယ်လောလည်းထုတ်ထားတဲ့အခါကျတော့ ည ၆ မနက် ၆ပေါ့။ မနေ့ မနက်က ၄ ခွဲဝန်းကျင်လောက်မှာ မော့ကနင်ရွာက ညီကိုနှစ် ယောက်ခြံထဲ သွား တော့ အဲ့မှာစကစ စစ်ဆေးနေတာရှိတယ်။ အဲ့ဒါလှမ်းတားတာ လန့်ပြီးတော့ ပြန်လည့် ပြေးတာ လှည့်ပြေးတော့ သူတို့က လှမ်းပစ်လိုက်တာ။ ထိတာက ပေါင်တစ်ယောက် ထိတယ်။ ဒူးတစ်ယောက် ထိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့်် ညီအစ်ကို နှစ်ဦးသည် သက်ဆိုင်ရာ အနီးအနားဝန်းကျင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး လက်ရှိတွင် အခြေအနေ စိုးရိမ်ရမှုမရှိတော့ကြောင်း သိရသည်။

၎င်းအပြင် မော့ကနင်ကျေးရွာနှင့် နီးစပ်သည့် ကြိုးတံတားကျေးရွာ တောင်ယာခြံမြေများထဲတွင်လည်း စစ်ကောင်စီတပ်က ဇန်နဝါရီလပိုင်းမှစ၍ မြေမြှုပ်မိုင်းများ ထောင်ထားလျက်ရှိသောကြောင့် တောင်ယာ လုပ်ကိုင်သူများအနေဖြင့် ခက်ခဲမှုများရှိနေကြောင်း မော့ကနင် ရွာသားများက ပြောသည်။

ရေးမြို့တွင် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ညမထွက်ရ အမိန့်(မာရှယ်လော)ကို စစ်ကောင်စီတပ်က ထုတ်ပြန်ထားသည်။