ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးအသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့အနီးရှိ ကော့နွဲကျေးရွာမှ ဒေသခံများသည် စစ်ရှောင်ကာလ လနှင့် ချီကြာလာသဖြင့် လက်ရှိတွင် စားသောက်ရေး ပိုမိုအခက်အခဲရှိလာကြောင်း မြေပြင် သတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူး ပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ကော့နွဲကျေးရွာနှင့် အနီးအနားကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်သဖြင့် ထောင်နှင့်ချီသောဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိ နယ်ခြားစောင့်တပ်(BGF)များ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ဒေသခံများမှာ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာကျေးရွာများတွင် စစ်ဘေးရှောင်နေရခြင်းဖြစ်သည်ဟု ကော့နွဲရွာခံများက ပြောသည်။
ထို့အပြင် ကော့နွဲကျေးရွာအနီး လက်နက်ကြီးပစ်ခတ်မှုများ နေ့စဥ်ဖြစ်ပွားလျက်ရှိသောကြောင့်ဒေသခံများ နေရပ်ပြန်နေထိုင်ရေးအတွက် အသက်အန္တရာယ်လုံခြုံစိတ်ချရမှုမရှိသလို စစ်ရှောင်ကာ လရှည်ကြာလာ၍ စားသောက်ရေးအခက်အခဲရှိလာကြောင်း ကော့နွဲရွာခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“ပြီးခဲ့တဲ့အကြို(သင်္ကြန်)နေ့မှာ ကော့နွဲက ဘုရားဒကာ၊ ကျောင်းဒကာတချို့က ဆွမ်းချက်ချင်လို့ ခဏတဖြုတ်အိမ်ပြန်မယ်ဆိုတော့ စစ်တပ်က ရွာထဲပေးမနေဘူးဆိုလို့ မပြန်ရဘူး။ ကျမတို့လည်း ဘုန်းကြီးကျောင်းမှာကပ်နေနေရတာ ကြာပြီ။ စားတာသောက်တာကျတော့ ဘုန်းကြီးကျောင်းကို ရွာထဲက လာလှူတာနဲ့ ကျောင်းမှာအသီးအနှံလေးဘာလေးစိုက်ပြီး စားပေါ့။ ရွာပြန်နေလည်း အသက်လုံခြုံရေးမရှိဘူးဆိုတော့ တစ်ယောက်မှ ပြန်မနေကြဘူး။” ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ပြောသည်။
ထိုသို့ စစ်ကောင်စီ၏နေ့စဥ် လက်နက်ကြီးပစ်ခတ်မှုများကြားမှ စစ်ဘေးရှောင်များသို့ အရေးပေါ် ရိက္ခာကူညီပေးမှုရှိသော်လည်း တိုက်ပွဲနှင့်ပစ်ခတ်မှုများ မည်မျှဆက်လက်ဖြစ်ပွားနေမှန်း မသိနိုင်၍ ဒေသအတွင်း စစ်ရေးအခြေအနေပေါ်မူတည်ကာ စစ်ဘေးရှောင်များ၏ လိုအပ်ချက် ကွဲပြား လာမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ(၁၇)ရက်နေ့က ကော့နွဲစစ်ရှောင်အချို့အား အရေးပေါ် ရိက္ခာထောက်ပံ့ကူညီခဲ့သော ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ကော့နွဲမှာက လက်နက်ကြီးပစ်တာ နေ့တိုင်းလိုလိုပဲ၊ တချို့ကတော့ ရွာနားပတ်ဝန်းကျင်က ဘေးကင်းလောက်တဲ့နေရာတွေမှာ နေနေကြတယ်။ ကျနော်တို့ကတော့ ဒေသခံတွေကအရေးပေါ် စားနပ်ရိက္ခာတောင်းဆိုလာလို့ အချို့အဖွဲ့အစည်းနဲ့ နိုင်ငံခြားရောက် ကရင်လူမှုအဖွဲ့အစည်းတွေလို အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ထောက်ပံ့တာပါ။” ဟု ပြောသည်။
ထို့အပြင် ယမန်နှစ်က စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များ၏ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အား ကော့နွဲကျေးရွာအတွင်း ဖြစ်သလိုမြှုပ်နှံထားသဖြင့် ရွာခံများက သွားရောက်တူးဖော်ကာ သေချာစွာ မြေမြှုပ်နှံပေးခဲ့ရသေးသည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းယူပြီးနောက် ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ် ဖွဲ့များအကြား တကျော့ပြန် တိုက်ပွဲကြောင့် သောင်းနှင့်ချီသော ဒေသခံပြည်သူများ အသက်ဘေး လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ KPSN ၏ ဖေဖော်ဝါရီ လ(၂၇)ရက်နေ့က ထုတ်ပြန်ချက်အရ ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဒူးပလာယာခရိုင်တွင် စစ်ဘေးရှောင် အရပ်သားပြည်သူဦးရေ ကိုးသောင်းကျော်ရှိသည်ဟု ဖော်ပြထားသည်။