မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာတွင် မတ်လ(၂၉)ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-သထုံခရိုင်က ယနေ့မတ်လ ၃၁ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါပစ်ခတ်မှုကို သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ဇီးဝန်းကျေးရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီ၏အမြှောက်တပ်ရင်း(၃၁၄)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် အသက်မပြည့်သေးသည့် ကလေးငယ်(၄)ဦးလည်း ပါဝင်နေကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသည် လက်နက်ကြီးပစ်ခတ်မှုအား အနီးအနားပတ်ဝန်းကျင်တွင် တိုက်ပွဲ မဖြစ်ပွားဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာများဘက်သို့ ပစ်မှတ်ထား၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ၏ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။
၎င်းက “မနေ့ မနက် (၁၁)နာရီကျော်ကျော်မှာ လက်နက်ကြီးလှမ်းပစ်တာ တောင်က လေးရွာက ဒေါ်မသောင်း အိမ်ဘေးတွဲပေါ်ကို ကျတယ်။ ဒေါ်မသောင်းကတော့ ညာဘက်ခြေထောက်နဲ့ပေါင် ဒဏ်ရာရတယ်။ နောက်အမျိုးသမီးတစ်ယောက်ကိုလည်း လက်နက်ကြီးအစမှန်တယ်။ ကလေးတွေလည်းထိတယ်။ ထိတော့ ဘီးလင်းဆေးရုံမှာတင်တယ်။ ဘီးလင်းဆေးရုံက လက်မခံတော့ သထုံဆေးရုံကြီးကိုပို့ပြီး ကုထားရတယ်။ ဘာတိုက်ပွဲမှမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်တာပါ။” ဟု သထုံခရိုင်အတွင်းရေးမှူးက ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။
ထိုသို့လက်နက်ကြီးသံကြားရစဥ် ကျေးရွာနေဒေသခံများမှာ နေအိမ်များတွင် တူးထားသော ဗုံးခိုကျင်းများတွင် ဝင်ရောက်ပုန်းအောင်းကြရပြီး လူသေဆုံးမှုမရှိကြောင်း ပဒိုစောအေးနိုင်က ဆက်ပြောသည်။

ထို့အတူ ကျိုက်ထိုမြို့နယ်တွင်လည်း စစ်ကောင်စီက ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ စစ်ဆင်ရေး ပြုလုပ်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများမှာ မိမိတို့ကျေးရွာများအတွင်း မနေထိုင်ရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ များပြားလာကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်ထံမှ သိရသည်။
အဆိုပါ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာနှင့်လိုအပ်သည်များ ကူညီနိုင်ရန် ဒေသအတွင်းသို့ ဝင်ရောက်ရန်မလွယ်ကူသောကြောင့် အခက်အခဲရှိကြောင်း စစ်ဘေးရှောင် ကူညီသူဒေသခံများက ပြောသည်။
အလားတူ စစ်တပ်အာဏာသိမ်းယူပြီးချိန်မှစ၍ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ အတွင်း ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေများတွင် စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ထောင်ကျော် လုပ်ဆောင်ခဲ့သလို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၇၀၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေဖြစ်သော သထုံခရိုင်သည် လူ့အခွင့်အရေးချိုး ဖောက်ခံရမှုအများဆုံးတွင် ပါဝင်သော နယ်မြေတစ်ခုဖြစ်ကြောင်း ကေအဲန်ယူ၏ လူ့အခွင့်အရေးကော်မတီနှင့် သုတေသနမှတ် တမ်းဌာနခွဲက စာရင်းထုတ်ပြန်ပြုစု ချက်အရ သိရသည်။



















