Home သတင်း KNU ခရိုင်နှစ်ခုတွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေ

KNU ခရိုင်နှစ်ခုတွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေ

652
Photo: KNU

မတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများဖြစ်သော ညောင်လေးပင်ခရိုင်နှင့် သထုံခရိုင်အတွင်း မတ်လဒုတိယအပတ်မှစ၍ စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးနှင့်ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သည့် မတ်လ (၂၀)ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် ၉ ကြိမ်ခန့်လာရောက်၍ ဗုံး(၂၈)လုံးထက်မနည်း ကြဲချခဲ့မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်(၅)လုံးနှင့် မူလတန်း ကျောင်း(၁)ကျောင်းထိခိုက်ပျက်ဆီးခဲ့ပြီး အဆိုပါ မြို့နယ်များရှိ ကျေးရွာပေါင်း (၂၁)ရွာမှ ဒေသခံ သုံးထောင်(၃,၀၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ကေအဲန်ယူ-ဗဟိုက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထို့အတူ မတ်လ(၁၆)ရက်မှ (၂၀)ရက်နေ့အတွင်း သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၃)ရွာနှင့် ကရဝေးဆိပ်ကျေးရွာအတွင်းသို့ ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းမှပစ်ခတ်ခဲ့သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ(၂)ဦးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်မှ အသေအပျောက်များပြားပြီး အင်အားထပ်မံဖြည့်တင်းလို၍ စစ်ကောင်စီက ထိုကဲ့သို့ အရပ်သားနေထိုင်ရာကျေးရွာများအတွင်းသို့ လေကြောင်းဖြင့် ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယနေ့ ပြောသည်။

Photo: KNU

အဆိုပါဒေသခံက “သူတို့(စစ်ကောင်စီ)ဘက်ကလည်း သေတာများတယ်။ ပြီးတော့ အလောင်းတွေကို တာလပတ်နဲ့ပတ်ပြီး မြစ်ထဲမျှောချတယ်။ ကျမတို့တွေကတော့ လေယာဥ်တစ်ခါလာလို့ ကိုယ်နဲ့နီးလာရင် ဗုံးခိုကျင်းထဲဝင်လိုက်တာပဲ။ ကျင်းမရှိရင်‌တော့ သစ်ပင်အောက်ပေါ့။ ဗုံးတည့်တည့်ကျလာရင်တော့ သေမှာပဲလေ။ အများအားဖြင့်ကတော့ ဗုံးစမှန်ပြီး သေကြတာများတယ်။” ဟု ၎င်းက ပြောသည်။

ထိုသို့ စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းသည် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာမှ ချမှတ်ထားသော လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဥပဒေများကို လိုက်နာခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေခြင်းဖြစ်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ၏ ပြောခွင့်ရသူ စောနန္ဒဆူးကလည်း ယခုလိုပြောသည်။

“ သူတို့က နိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပါ။ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပါ။” ဟု စောနန္ဒဆူးက ကေအိုင်စီသို့ပြောသည်။

စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်းမှစ၍ လက်ရှိအချိန်ထိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီကမြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးဖြင့်သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာ၍ ကေအဲန်ယူ ထိန်းချုပ်နယ် မြေများတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း (၅)သိန်းအထက်တွင် ရှိနေပြီး ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်တွင် ၁ သိန်း ၃ သောင်းဝန်းကျင်နှင့် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်တွင် ၁ သိန်း ၄ သောင်းကျော် အထိရှိနေကြောင်း KHRG အဖွဲ့ပြုစုထားသည့် စာရင်းအရ သိရသည်။