Home သတင်း မြန်မာပြည် အလွတ်တန်းချန်ပီယံဟောင်း စောရွှေဓူဝံ ယာဉ်တိမ်းမှောက်မှုကြောင့် ​သေဆုံး

မြန်မာပြည် အလွတ်တန်းချန်ပီယံဟောင်း စောရွှေဓူဝံ ယာဉ်တိမ်းမှောက်မှုကြောင့် ​သေဆုံး

823
Photo: Crd.

မတ်လ ၄ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံဟောင်းတစ်ဦးဖြစ်သူ စောရွှေဓူဝံသည် ယနေ့ မတ်လ ၄ ရက်နေ့တွင် “ဒို့ညီနောင်” အမည်ရှိ ခရီးသည်တင်ကားဖြင့် စီးနင်းလိုက်ပါ လာ ရင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

၎င်းလိုက်ပါလာသည့် ဒို့ညီနောင် ယာဉ်လိုင်းသည် ယနေ့နံ့နက် ၆ နာရီခွဲကျော်အချိန်တွင် နေပြည်တော်မှ ရန်ကုန်သို့မောင်းနှင်လာရာ အမြန်လမ်း မှတ်တိုင် ၁၆၇ အနီးတွင် ယာဉ် တိမ်းမှောက်မှုဖြစ်၍ ခရီးသည် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စောရွှေဓူဝံအပါအဝင် ၃ ဦးသေဆုံးသွားခဲ့သည်ဟု လူမှုကယ်ဆယ်ရေးများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ရိုးရာလက်ဝှေ့ ချိန်ပီယံဟောင်း စောငမန်းက “ အဝေးပြေးလမ်းမှာ ကားမှောက်ရင်း ဖြစ်သွား တာပါ။ ခရီးသည် ကားလိုင်းနဲ့ ပါသွားတာပါ။ လက်ဝှေ့လောကမှာ ကျနော်ရဲ့ မြင်ဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။ ရိုးရာလက်ဝှေ့ လောကထဲကတစ်ဦး ဆုံးရှုံးလိုက်ရတော့ ဝမ်းနည်းတာပေါ့ဗျာ” ဟု ကေအိုင်စီ သို့ ပြောသည်။

အသက် ၅၃ နှစ်ရှိ စောရွှေဓူဝံသည် မြန်မာ့ရိုးရာလက်ဝှေ့၏ အလွတ် တန်းချန်ပီယံကို ၁ဝ စုနှစ်တိုင် ထိန်းသိမ်းထားနိုင်သည့် စောရွှေဝါထွန်းကို ယှဉ်ပြိုင်အနိုင်ယူခဲ့ပြီး မြန်မာပြည်၏ ၄ ဦးမြောက် အလွတ်တန်း လက်ဝှေ့ချန်ပီယံဆုကို ရရှိခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်၏ ရိုးရာလက်ဝှေ့ဂုဏ်ဆောင် တစ်ဦးဖြစ်ပြီး လက်ဝှေ့မျိုးဆက်သစ်များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ရိုးရာလက်ဝှေ့အသိုင်းအဝိုင်းများထံမှ သိရသည်။

စောရွှေဓူဝံ သေဆုံးချိန်တွင် ဇနီးဖြစ်သူနှင့်အတူ သား ၁ဦး၊ သမီး ၁ဦး ကျန်ရစ်ပြီး ၎င်းရရှိခဲ့သည့်ချန်ပီယံဆုကို စောဝမ်ချိုင်းမှ ယှဥ်ပြိုင်ရယူခဲ့ပြီးနောက်ပိုင်း လက်ဝှေ့လောကမှ အနားယူခဲ့ကာ မိသားစုဝင်တို့နှင့်အတူ ဖားအံမြို့ ပြည်ထောင်စုရပ်တွင် နေထိုင်ခဲ့ကြသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။