မတ်လ ၂၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသ၊ ဟင်္သာတခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ဒေသခံ ကျေးရွာသား ၆ ဦးနှင့် သံဃာတော် ၁ ပါးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဖမ်းဆီးခံရ သူများမှာ လက်ရှိတွင် မိသားစုဝင်များနှင့် အဆက်အသွယ်မရဖြစ်နေကြောင်း နီးစပ်သည့် ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ကျုံပျော်မြို့နယ် အင်းဖျားကျေးရွာအုပ်စု၊ အင်းဖျားကျေးရွာတွင် စစ်ကောင်စီခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းစန်းဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ ရမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အင်းဖျားကျေးရွာမှ ဒေသခံ ၂ ဦး ၊ ကျောင်းထိုင် ဘုန်းကြီးတစ်ပါးနှင့် အခြားကျေးရွာမှ ဒေသခံ ၄ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“အစက အင်းဖျား ဥက္ကဋ္ဌ အသတ်ခံရတယ်လို့ ကြားလိုက်တယ်။ ဥက္ကဋ္ဌကို ဆိုင်ကယ်တင်မောင်းတဲ့ သူကို ဖမ်းသွားတယ်။ ပြီးတော့ ဥက္ကဋ္ဌ အသတ်ခံရပြီးတဲ့နောက်မှာ အင်းဖျားဘုန်းကြီးကျောင်းရှေ့မှာ ကြေး တွေနဲ့ ဘောလုံးကန်ကြတာကို စစ်တပ်က ပိုက်ဆံလာတောင်းတာ မပေးလို့ ကျောင်းထိုင်ဘုန်းကြီးကို ဖမ်းသွားတယ်တဲ့။ အဖမ်းခံရတဲ့ သူတွေက များသောအားဖြင့် ပိုက်ဆံရှိတဲ့သူတွေ ဖမ်းသွားတယ်။ မိသားစုဝင်တွေ လိုက်သွားတော့ မတွေ့ရဘူး။ ဘာအမှုနဲ့ ဖမ်းတာလည်းသူတို့ မသိရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
အဖမ်းဆီးခံရသူများတွင် အင်းဖျားကျေးရွာတွင် နေထိုင်သည့် ဥက္ကဋ္ဌကို ဆိုင်ကယ်တင်မောင်းသူ( အမည် မသိရသေး)၊ အင်းဖျားကျေးရွာ ဦးပြည့်စုံ ထမင်းဆိုင်ပိုင်ရှင်အမျိုးသား၊ ကျီးအိုင်အုပ်စု လေလံရိုး ကျေးရွာ နေ ဆေးထိုးဆရာမ ဒေါ်မေမြတ်မွန်နှင့် သူ့အမျိုးသား ဦးစိန်ဝင်းထွန်း၊ ကျားပြေးအိုင်ကျေးရွာ အင်းဖျား ကျောင်းထိုင်ဆရာတော်တို့ ကနဦး အဖမ်းခံရပြီးနောက် အင်းဖျားအုပ်စု လိမ်မာကုန်း-လိမ်ကုန်းကြီး ရွာနေဦးလင်းလင်းနှင့် ၎င်း၏ ညီဖြစ်သူတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။
၎င်းအဖမ်းဆီးခံရသူများမှာ လက်ရှိ သတင်းထွက်ပေါ်လာသူများ စာရင်းသာရှိသေးပြီး ၎င်းဦးရေထက် ဖမ်းဆီးခံထားရကြောင်း၊ ထို့အပြင် ယခင်ဒေသတွင်း တက်ကြွလှုပ်ရှားသူများဟု နာမည်ထွက်ပေါ်သူ များကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေပြီး ကျီးအိုင်အုပ်စု တောက်တဲ့ရိုးဘုန်းတော်ကြီး ကျောင်းတွင် လည်း စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံများက ဆိုသည်။
“အဲ့လို ဖမ်းသွားတော့ မိသားစုဝင်တွေက သွားလိုက်တွေ့တာ ဒီဆေးထိုး ဆရာမလင်မယားကတော့ တွေ့ရတယ်။ ကျန်တဲ့ သူတွေ ထမင်းဆိုင်ပိုင်ရှင်ရဲ့ မိန်းမဆိုရင် သွားတွေ့တာ သူ့ယောကျ်ားကို မတွေ့ ရဘူးတဲ့။ ဘာကြောင့် ဖမ်းတာလဲမသိရဘူး။ ပြီးတော့ ဦးလင်းလင်းကိုဖမ်းသွားတော့ သူ့ညီဖြစ်သူက လိုက်သွားတာကို သူ့ညီကိုပါ ဖမ်းလိုက်တယ်တဲ့။ အခုထိတစ်ယောက်မှ ပြန်မလွှတ်လာသေးဘူး။ ရုံးချိန်း တက်ရမယ်ဆိုလည်း သတင်းတွေ ကြားနေရတယ်” ဟု နီးစပ်သူ ဒေသခံ ဖြည့်စွက်ပြောသည်။
ထိုအပစ်သတ်ခံလိုက်ရသည့် အင်းဖျားကျေးရွာ ဥက္ကဋ္ဌဆိုသူမှာ ယခင် ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာ တွင် စစ်ကောင်စီနှင့်ဒေသခံတို့အကြား ဖြစ်ပွားခဲ့သည့် အပြန်အလှန် ပစ်ခတ်မှုဖြစ်စဉ်တွင် တရားခံ (ဒလန်)ဟု နာမည်ကြီးနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယခု ၎င်းပစ်သတ်ခံရမှုတွင် မည်သူမည်ဝါမည်သည့် အဖွဲ့အစည်းက ပြုလုပ်သွားကြောင်း မသိရသေးဘဲ ကေအိုင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တုန်းကလည်း ကျုံပျော်မြို့နယ်၊ သောင်ကြီးတိုက်နယ်၊ ဇရစ်ရိုး ကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာတွင် စစ်တပ်သတင်းပေးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မဟုတ်သည့် ဒေသခံကျေး ရွာလူထု နှင့် စစ်ကောင်စီ တပ်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံ အများအပြား ဖမ်းဆီးခံလိုက်ရသည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့သေးသည်။



















