မတ်လ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်း ယမန်နေ့က စတင်ဖြစ်ပွားနေသည့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေမှုမှာ ယနေ့ မတ်လ ၂၆ရက်၊ နံနက် ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့ဘက်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ဖြစ်နေသည်ဟု သိရသည်။
ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီ၊ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးမှု၊ အရပ်သားသေဆုံး ထိခိုက်မှုများ ဆက်ရှိနေပြီး တိုက်ပွဲ ဖြစ်စဉ်အတွင်း လူနေရပ်ကွက်များတွင် အရပ်သားများ ပိတ်မိနေကြောင်း ဒေသခံသတင်းအရင်း အမြစ်များက ပြောသည်။
“တိုက်ပွဲက မနက်ပိုင်းကော့ကရိတ်အာရှလမ်းနားက ချောင်းသောင်ရေကူးကန်လမ်း စစ်ကတုတ်ကို ၀င်ပစ်တယ်။ ခနိမ်းမူဘက်၊ တံတန်ကူးဘက်တွေကနေပါ ကရင်အဖွဲ့တွေမြို့ထဲကို၀င်တော့ ၉၇ တပ်က အလုံးကြီးပစ်ထုတ်တယ်။ ရဟတ်ယာဉ်တစ်စီးက စက်သေနတ်တွေရော့ကက်တွေနဲ့ပစ်တာမှာချောင်း တောင်ဘက်မှာ သက်ကြီးအဖွားတစ်ယောက်ထိတယ်။ ကလေးတစ်ယောက်ထိတယ်။ အိမ်တွေပျက် တယ်။ မနေ့ကညနေပိုင်းမှာ ကျုံဒိုးတောင်ကရင်စုဘက် စစ်တပ်ပစ်တဲ့ လက်နက်ကြီး ကျတာကနေ အိမ်တွေ မီးလောင်တယ်။ ကျွဲနွား၊ ဆိတ်တွေလေယာဉ်ပစ်တာကြောင့် သေတယ်။ အရပ်သား၂ ဦးသေ၊ ၃ ဦးဒဏ်ရာ ရတာရှိတယ်၊ အခု မနက်လည်း ကျုံဒိုးမှာ ဆက်ပစ်နေတော့ ရပ်ကွက်ထဲကလူတွေ ဘယ်ထွက်ရှောင်ရမှန်းမသိဘဲ ပိတ်မိနေတယ် ”ဟု ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။
ယမန်နေ့ မတ်လ ၂၅ ရက်က မြ၀တီ၊ ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင် ရဲစခန်း၊ ၂၇၅ တပ်၊ အာရှ လမ်းမတွေဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကုန်သွယ်ရေးဇုန်၀င်းအတွင်း နှစ်ဖက်တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း ဇုန်အလုပ်သမားနှင့် အကောက်ခွန်၀န်ထမ်း၊ ရဲနှင့် စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ဇုန်တာ၀န်ကျနေသူစစ်တပ်၊ ရဲနှင့်၀န်ထမ်း ၁၆ ဦးခန့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း စစ်ကောင်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ် များထံမှ သိရသည်။

“ဇုန်မှာ ကရင်အဖွဲ့တွေ ၀င်စီးတာမှာ ပစ်ခတ်လို့သေတာ၊ ရုံးမီးလောင်တဲ့ အထဲပါပြီးသေတာ၊ အရှင် ဖမ်းမိခံရတာတွေရှိတယ်။ စစ်တပ်ဘက်ကတော့ မြေပြင်လိုက်ရှင်းလိုက်ရှာနေတယ် ပြောတာပဲ။ အခုကလက်နက်ကြီးက နေရာစုံကို ပစ်ထုတ်နေတယ်၊ ကရင်အဖွဲ့တွေရဲ့ဒရုန်းတွေ ဗုံးသီးကြဲချတာကို သူတို့ကြောက်နေကြတယ်။ အခုအာရှလမ်းနဲ့ဒေါနတောင် လမ်းဟောင်းဘက်ကို တပ်နယ် ၃ BGF အဖွဲ့တွေ စစ်တပ်နဲ့ ပေါင်းပြီးစစ်ကြောင်းတက်နေတယ်”ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
တိုက်ပွဲဖြစ်ချိန်နှစ်ရက်တာအတွင်း စစ်ကောင်တပ်၊ ရဲနှင့် BGF-ကရင်နယ်ခြားစောင့်တပ်ဘက်မှ ထိခိုက်သေဆုံးမှု၊ အရှင်လက်ရဖမ်းဆီးခံ ရမှုများရှိနေကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့စစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။
ထို့အတူ KNLA ပူးပေါင်းတပ်ဖွဲ့ တော်လှန်ရေးစစ်ကြောင်းဘက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိမှု၊ ကျဆုံး မှု အချို့ရှိထားကြောင်း နှစ်ဖက်ဆက်လက်တိုက်ခိုက်မှုများ ဆက်ဖြစ်နေသည့်အတွက် တော်လှန်ရေး စစ်ကြောင်းအဖွဲ့ များမှ ဒေသတွင်းဖြတ်သန်းသွားလာမှုမပြုလုပ်ကြရန် ထုတ်ပြန်ထားကြောင်း သိရပါသည်။



















