မတ်လ၂၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်သည့် မတ်လ ၂၅ ရက်နေ့တွင် ကျုံဒိုးဒေသခံ ပြည်သူနေအိမ် နေအိမ် ၃၃ လုံးအပြင် ကားနှင့် အခြားပစ္စည်းအများအပြားမီးလောင်ပျက်စီးခဲ့ကြောင်း မြို့ခံများ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်စခန်းများကို ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ်၏ ပြည်သူအပေါ် ရန်သူ မိတ်ဆွေအခွဲခြားဘဲ ပြန်လည်ပစ်ခတ်တိုက်မှုများ ပြုမူလုပ် ဆောင်သောကြောင့် ဒေသခံနေအိမ်များပျက်စီးပြီး မြေစာပင်ဖြစ်ခဲ့ရသည်ဟု အမည်မဖော်လိုသူ ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။
၎င်းက” အိမ်အများအပြားမီးလောင်ပျက်စီးတဲ့အပေါ် စစ်ကောင်စီတပ်ဖွဲ့တွေက စခန်းကို မြို့လယ်မှာ တည်ထားတယ်။ ကျုံဒိုးမြို့ ရဲစခန်းကိုဝင် ရောက်စီးနင်းလိုက်တော့ ပြည်သူလူထုက ထိခိုက်နစ်နာမှုရှိတယ်။ ဒါကို ရှောင်ရှားရင် တိုက်ပွဲကဆင်နွှဲလို့မရဘူး။ ဒီတော်လှန်ရေးဘက်ကတော့ ရဲစခန်းကို ဝင်စီးတာပဲ။ စကစက ပြည်သူ လူထုကိုမရွေးဘူး။ ရန်သူမိတ်ဆွေမခွဲခြားဘဲ ပြည်သူလူထုကို ပစ်မှတ်ထားပြီး မီးရှို့တာ၊ လက်နက်ကြီး ပစ်တာ၊ လေယာဥ်နဲ့ပစ်တာ ဒါကသူတို့လုပ်နေကြအလုပ်ပဲ။ ပြည်သူက မြေစာပင်ဖြစ်တာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
မတ်လ ၂၅ရက်နေ့တွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ကျုံဒိုးမြို့ရှိ လူနေအိမ် နှင့် အခြားပစ္စည်းအများအပြားမီးလောင်ပျက်စီးခဲ့ရသည့်အပြင် ထောင်နှင့်ချီသော ဒေသခံ ပြည်သူများလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုအချိန်ထိ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း ကျုံဒိုးစစ်ရှောင်များက ပြောသည်။

” လက်နက်ကြီးထိတာ၊ လေယာဉ်ပစ်တာကနေ အိမ်တွေပျက်ကုန်တာ ၅ လုံး ရှိတယ်၊ လက်နက်ကြီကျတာ ဆိုင်ကယ်ကို ထိပြီးမီးလောင်သွားတယ်။ အိမ်ကိုလည်းမီး ကူးသွားတယ်။ အိမ်တွေအများအပြားပဲ မီးလောင် တာပါသွားတယ်။ အလုံး ၃၀ ကျော်တယ်။ ကားတွေ၊ ဆိုင်ကယ်တွေ လည်းပါတယ်။ ပြည်သူတွေတော့ နေမရဲတော့ဘူး။ ကျနော်တို့ဆို ဖားအံရောက်ပြီး” ဟု ကျုံဒိုးစစ်ရှောင်က ကေအိုင်စီသို့ ပြောသည်။
မြို့ခံများ၏ ကောက်ခံထားသည့် စာရင်းအရ ကျုံဒိုးမြို့ တိုက်ပွဲဖြစ်စဉ်အတွင်း လူနေအိမ် ၃၃ လုံး၊ ကား ၄ စီးနှင့် ဆိုင်ကယ် ၃ စီးမီးလောင်ပျက်စီးကာ အရပ်သား ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အတူ မတ်လ ၂၆ရက်နေ့တွင် ကော့ကရိတ်မြို့အတွင်း ဖြစ်ပွားသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့နှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦးကျည်ထိမှန်ကာ တစ်ဦးသေဆုံးခဲ့ရသေးသည်ဟု ဒေသခံများက ပြောသည်။



















