Home သတင်း ကျုံဒိုးမြို့တိုက်ပွဲဖြစ်စဉ်အတွင်း တိမ်းရှောင်နေရသည့် ဒေသခံများ နေထိုင်စားသောက်ရေး အခက်အခဲရှိနေ

ကျုံဒိုးမြို့တိုက်ပွဲဖြစ်စဉ်အတွင်း တိမ်းရှောင်နေရသည့် ဒေသခံများ နေထိုင်စားသောက်ရေး အခက်အခဲရှိနေ

926

မတ်လ ၂၇ ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရဲစခန်းဝင်ရောက်စီးနင်းသည့်တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံများ ထောင်ချီအ‌ရေးပေါ်တိမ်းရှောင်ရပြီး လက်ရှိတွင် အခက်အခဲအမျိုးမျိုးကြုံတွေ့နေရကြောင်း ထွက်ပြေးတိမ်းရှောင်သူ ဒေသခံများက ပြောသည်။

ရာသီဥတုပူပြင်းသည့်ကာလတွင် ထွက်ပြေးတိမ်းရှောင်ရသည့် သက်ကြီးရွယ် အိုများ၊ ကလေး သူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များသည် အစားအစာ၊ နေရေးထိုင်ရေးနှင့် ကျန်းမာရေးအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း အမည်မဖော်လိုသူ ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

၎င်းက “‌ချက်ချင်းပြေးနေရတော့ မိရာပဲဆွဲပြီးပြေးလာရတယ်။ တစ်ချို့က အဝတ်တစ်ထည် ကိုယ်တစ်ခုပဲပါတယ်။ ပြေးတဲ့အထဲမှာ ကလေးတွေသက်ကြီးသူတွေမကျန်းမာတဲ့သူတွေ ဗိုက်ကြီးသည်တွေ အခုလိုပူပြင်းတော့အဆင်မပြေဘူး။ စိတ်ပူရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့မတ်လ ၂၇ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုသည် ရပ်တန့်ခြင်းမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်သူများမှာ ကျေးရွာအတွင်းပြန်လည်နေထိုင်၍မရဲကြသေးကြောင်း ရွာသားများက ပြောသည်။

“ဒီနေ့တော့တိုက်ပွဲမဖြစ်တော့ဘူး။ တိမ်းရှောင်တဲ့ရွာသားတွေက အိမ်ကို ပြန်မနေရဲသေးဘူး။ လက်နက်ကြီးက မကြာမကြာပစ်နေတုန်းပဲ။ လက်နက်ကြီးကြောက်ရ၊ ပူပြင်းတဲ့ရာသီမှာ အစားအစာ၊ နေရေးထိုင်ရေး ၊ ကျန်းမာရေးအတွက်လုံးဝအဆင်မပြေဘူး”ဟု ထွက်ပြေးတိမ်းရှောင်သူနောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ ဒေသအတွင်း မတ်လ ၂၅ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ရေပူ၊ ကော့ဝါလဲ၊ နွားခြံကုန်း၊ ငါးတိုင် စသည့် ကျေးရွာသူ၊ ကျေးရွာသားများ ထောင်ချီဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသော ကော့ကရိတ်မြို့နယ်တွင်း ဒေသခံကျေးရွာသားအချို့လည်း ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးကြောင်း သိရှိရသည်။