Home ဆောင်းပါး ရင်သားကင်ဆာအကြောင်းနှင့် ကြိုတင်ကာကွယ်နည်းများ

ရင်သားကင်ဆာအကြောင်းနှင့် ကြိုတင်ကာကွယ်နည်းများ

415

“အမျိုးသမီးနှင့် ကျန်းမာရေး” ပညာပေးဆောင်းပါး(၃)

ရင်သားကင်ဆာအကြောင်းနှင့် ကြိုတင်ကာကွယ်နည်းများ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆုတ်ကင်ဆာပြီးရင် ဒုတိယ သေဆုံးမှုအများဆုံးဖြစ်စေတဲ့ ကင်ဆာရောဂါဟာ ရင်သားကင်ဆာပါ။ အမျိုးသမီးအယောက် ၁၀၀ မှာ ၁၂ယောက်နှုန်းဟာ ရင်သားကင်ဆာရောဂါကို ခံစားနေကြရပါတယ်။

ရင်သားကင်ဆာကြောင့် အမျိုးသမီး ၂၃ ရာခိုင်နှုန်းခန့် ဝေဒနာခံစားနေကြရပြီး ၁၄ရာခိုင်နှုန်းခန့် သေဆုံးနေကြကြောင်း မှတ်တမ်းတွေအရ သိရှိရပါတယ်။ တချို့အမျိုးသမီးတွေမှာ ရင်သားကင်ဆာရောဂါကို အချိန်မှီ မကုသမိတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးရသူတွေ များစွာရှိခဲ့ပါတယ်။

အမျိုးသမီးတွေမှာ ရင်သွေးငယ်လေးတွေကို အာဟာရပေးနိုင်ဖို့အတွက် သဘာ၀တရားက ထည့်သွင်းပေးလိုက်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဟာ သားမြတ်လို့ခေါ်ကြတဲ့ ရင်သား တစ်စုံပဲ ဖြစ်ပါတယ်။ ဒီရင်သားတစ်စုံဟာ အမျိုးသမီးတွေရဲ့ မိန်းမဆန်တဲ့အလှတရားကို ပေါ်လွင်စေသလို မူလတာဝန်ဖြစ်တဲ့ ကလေးငယ်တွေကို နို့ချိုတိုက်ကျွေးဖို့လည်း လုပ်ဆောင် ကြရပါတယ်။

ဒီလို တန်ဖိုးရှိလှတဲ့ ရင်သားတစ်စုံကို ဆုံးရှုံးရမယ်ဆိုရင် အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။ တချို့အမျိုးသမီးတွေဟာ ရင်သားတစ်စုံလုံး (သို့) ရင်သားတစ်ဖက် (သို့) အစိတ်အ ပိုင်းအချို့ကို ဆုံးရှုံးနေကြရပါတယ်။

ဘာကြောင့်လဲဆိုတော့ ရင်သားကင်ဆာလို့ခေါ်တဲ့ ရောဂါဆိုးကြီးကို တွန်းလှန်ဖို့အတွက် ရင်သားဖြတ်တောက်ကုသမှုတွေ ခံယူနေကြရလို့ပါပဲ။ ရင်သားကင်ဆာဟာ အသက်အရွယ်မ ရွေး ရင်ဆိုင်ကြုံတွေ့ရတတ်တဲ့ ရောဂါဖြစ်တော့ ကြိုတင်ကာကွယ်နိုင်ဖို့ ကြိုးစားလိုက်နာရမှာတွေ ရှိပါတယ်။

ကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ အဆပေါင်းများစွာ ထိန်းချုပ်လို့မရနိုင်အောင် ကြီးထွားလာတာကို ခေါ်တာဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ အပျိုဖော်ဝင်ပြီးနောက် အမျိုးသမီး တစ်ယောက်ရဲ့ ရင်သားမှာ အဆီ၊ တွယ်ဆက် တစ်ရှုးများ၊ နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်း ထောင်ပေါင်းများစွာနဲ့ နို့ရည်များကို ရင်သားထိပ်ခေါင်းစီသို့ သယ်ဆောင်ပေးတဲ့ ပြွန်လေးများ စွာ ပါဝင်ပါတယ်။ အဲ့ဒီ နို့ရည်သယ်ပြွန်အတွင်း လိုင်းအနားသတ်လေးတွေ (သို့) နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်းတွေကနေ စတင်ပြီး ဆဲလ်တွေ အလွန်အကျွံ ကြီးထွားလာတာကနေ ရင်သားကင်ဆာ စတင် ဖြစ်လာတာပါပဲ။

ရင်သားကင်ဆာဖြစ်ပြီဆိုရင် အောက်ပါ ရောဂါလက္ခဏာများ တွေ့ရတတ်ပါတယ်။
• ရင်သားမှာ အကျိတ်အခဲများ ဖြစ်ပေါ်လာခြင်း
• ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံပြောင်းလဲလာခြင်း
• ဓမ္မတာလာချိန်မဟုတ်ဘဲ ချိုင်းကြား၊ ရင်သားမှာ နာကျင်မှုကို ခံစားရခြင်း
• အနီကွက်များ ရင်သားခေါင်းတစ်ဝိုက်မှာ ဖြစ်ပေါ်ခြင်း
• နို့သီးခေါင်းမှ သွေးပါသောသော အရည်များ ထွက်ခြင်း
• ရင်သား၊ ရင်သားခေါင်းမှ အရေပြား အဖတ်များ ကွာကျလာခြင်း
• ရင်သားအပေါ်မှ အရေပြားပြောင်းလဲမှု (အချိုင့်များ) ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပါတယ်။

ရင်သားကင်ဆာ ဟုတ်မဟုတ်ကို ဘယ်လို စစ်ဆေးကြမလဲ?
ရင်သားအကျိတ်၊အဖုတွေကို မိမိကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ အထက်ပါ လက္ခဏာများ (သို့) မသင်္ကာစရာ အဖုအကျိတ်တွေစမ်းမိပါက နီးစပ်ရာ ကျန်းမာရေးဆေး ခန်းသို့ သွားရောက်ပြသ စမ်းသပ်မှုခံယူပါ။ ဆရာဝန် (သို့) ကျန်းမာရေးဝန်ထမ်းမှာ ရင်သားကင်ဆာလို့ သံသယ ရှိတယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေထဲက မိမိအဆင်ပြေဆုံး နည်းလမ်းနဲ့ ကင်ဆာဟုတ်မဟုတ်ကို ထပ်မံ စစ်ဆေးကြည့်ဖို့လိုပါတယ်။

၁။ Mammogram လို့ခေါ်တဲ့ ရင်သားဓာတ်မှန် ရိုက်ကြည့်နိုင်ပါတယ်။

၂။ Ultrasound (အာထရာဆောင်း)ရိုက်ကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ တစ်ရှူးတွေလား၊ ပြည်တည်အိတ်လားဆိုတာကိုပါ ခွဲခြားပေးနိုင်ပါတယ်။

၃။ MRI Scan ဆိုတဲ့ သံလိုက်စက်ကွင်းတွေနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပြီး ခန္ဓာကိုယ်အတွင်းအင်္ဂါတွေနဲ့ ခန္ဓာကိုယ်အတွင်းက တစ်ရှူးတွေကို တိကျတဲ့ ပုံရိပ်များအဖြစ် ပုံဖော်ပေးတဲ့ နည်းဖြင့်လည်း စမ်းသပ်နိုင်ပါတယ်။

၄။ အသားစယူပြီး အသားမျှင်များကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့်လည်း ကင်ဆာဟုတ်မဟုတ် သိရှိနိင်ပါတယ်။

ကုသနည်း
ရင်သားကင်ဆာဖြစ်လာပြီဆိုရင်တော့ မဖြစ်မနေ ကုသရပါတော့မယ်။ မကုသဘဲထားမယ်ဆိုရင် နီးစပ်ရာ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းများကိုပါ ကင်ဆာဆဲလ်တွေ ပြန့်နှံ့ နိုင်ပါတယ်။ ရင်သားကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ အကျိတ်အရွယ်အစား၊ ကင်ဆာဆဲလ်များရဲ့ ဟော်မုန်းများအပေါ်တုံ့ပြန်မှု၊ မိမိလက်ရှိကျန်းမာရေး အခြေအနေပေါ် မူတည် ပြီး

I. ကင်ဆာကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း
ကင်ဆာကျိတ်နှင့် ကင်ဆာဆဲလ်များပျံနှံနိုင်သော အစိတ်အပိုင်းတချို့ ဖြတ်ထုတ်ရခြင်းကြောင့် ရင်သားပုံစံပျက်တာ၊ ရင်သားတစ်ဖက် ဖြတ်ထုတ်ရတာ၊ ရင်သားနှစ်ဖက်လုံး ဖြတ်ထုတ် ရတာမျိုး ရှိတတ်ပါတယ်။

II. ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်များကို သတ်ခြင်း (ဓာတ်ကင်ခြင်း)

III. Chemotherapy လို့ခေါ်တဲ့ ကင်ဆာဆဲလ်များ ကြီးထွားမှုကို ရပ်တန့်စေရန် ဆေးသွင်းခြင်း

IV. Hormone Therapy လို့ခေါ်တဲ့ ဟော်မုန်းများရဲ့ လုပ်ဆောင်ချက်များကို ပိတ်ဆို့ပြီ ကင်ဆာဆဲလ် ကြီးထွားမှုကို ရပ်တန့်စေခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။

မည်သည့်ကုသမှုမဆို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိတဲ့အတွက် ရင်သားကင်ဆာမဖြစ်အောင် နေထိုင်နိုင်လျှင် (သို့) ရင်သားကင်ဆာကို စောစီးစွာ သိရှိဖို့ လိုအပ်ပါတယ်။
ကာကွယ်ခြင်းသည် ကုသခြင်းထပ် ပိုကောင်း၏ ဆိုသလိုပါပဲ ….။ ရင်သားကင်ဆာမဖြစ်အောင် လိုက်နာပြုမှုနေထိုင်သင့်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း
အမျိုးသမီးများထဲမှ ဆေးလိပ်ကို စွဲမြဲစွာ သောက်သုံးတဲ့သူတွေရဲ့ ၃၅% မှ ၅၀%အထိ ရင်သားကင်ဆာဖြစ်ပွားနိုင်တယ်လို့ သုတေသနစာတမ်းများ သိရှိရပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ပါ။

အရက်သေစာ အလွန်မင်းသောက်ခြင်း၊ အရက်ပါသောဖျော်ရည်များ သောက်သုံးခြင်းရှောင်ပါ။ အရက်(Alcohol) သောက်သုံးခြင်းက အက်စထရိုဂျင် ဟော်မုန်း ပမာဏကို တိုးစေနိုင်သလို့ ဆဲလ် DNA တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်။
အ၀လွန်ခြင်းကြောင့်လည်း ကင်ဆာဖြစ်စေနိုင်တာကြောင့် သင့်တင့်မျှတအောင် စားပါ။ အသီးအနှံ များများစားပါ။ အမျှင်ဓာတ်ပြည့်၀သော အစာကိုစားပါ။ မိမိနှင့် သင့်လျော် သော ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပါ။

ကြိုတင်ကာကွယ်လို့ မရသောအကြောင်းအရာများ
အမျိုးသမီးများ အသက်အရွယ်ကြီးလာလေ ရင်သားကင်ဆာဖြစ်နိုင်စေ မြှင့်တက်လေပါပဲ။
အသက်ကြီးမှ ကလေးမွေးခြင်း သို့မဟုတ် တစ်ခါမှ ကလေးမမွေးဖူးခြင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်သော အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။

သွေးဆုံးချိန် ဟော်မုန်းဆေးတွေကို ၅နှစ်အထက် သောက်သုံးလာခဲ့တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အန္တရာယ်ပိုများပါတယ်။

မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိမိတွင် ရင်သားကင်ဆာရောဂါ မျိုးရိုးရှိပါက သတိထားစောင့်ကြည့်စစ်ဆေးမှု ခံယူသင့်ပါတယ်။ ရင်သားကင်ဆာ၏ ၁၀% ဟာ မျိုးရိုးဗီဇ ကြောင့်ဖြစ်ကြတာကို တွေ့ရှိရပါတယ်။

ဒါကြောင့် အမျိုးသမီးများအနေဖြင့် မိမိရင်သားအား ၁ပတ်တကြိမ် (သို့) ၁လတကြိမ် ပုံမှန်လက်ဖြင့် စမ်းသပ်ကြည့်ပါ။ မသင်္ကာစရာ အလုံးအကျိတ်တွေ့လျှင် ကျန်းမာရေးဆေးခန်းသို့ သွားရောက်ပြသပါ။ စောစောသိလေ ဆုံးရှုံးမှု ရာခိုင်နှုန်းနည်းပါးလေမို့ မရှက်သင့်တာကို မရှက်ဘဲ ကျန်းမာရေးအသိဖြင့် လိုက်နာပေးကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။

အမျိုးသမီးများ အားလုံး ကျန်းမာစွာ လှပနိုင်ကြပါစေ။