မတ်လ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာသို့ ယမန်နေ့ မတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ အရပ်ဝတ်ဖြင့်ဝင်ရောက်လာပြီး အသက်မပြည့်သေးသည့် လူငယ်(၃)ဦးအပါအဝင် ဒေသခံအရပ်သား(၂၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံ ၂၂ ဦးထဲတွင် အသက်(၁၃)နှစ်နှင့် (၁၅)နှစ်အရွယ် လူငယ်(၃)ဦးအပြင် ဥသျှစ်ကုန်းရွာတွင် လွန်ခဲ့သည့် ငါးလခန့်ကတည်းက စစ်ဘေးတိမ်းရှောင်လာသော စစ်ဘေးရှောင်(၄)ဦးလည်း ပါဝင်ပြီး ထိုဒေသခံများအား အတန်းလိုက်ကြိုးဖြင့်တုပ်နှောင်ကာ ဥသျှစ်ကုန်းရွာမှ အုန်းပင်စုရွာသို့ သွားရာလမ်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “မနေ့ကမနက်ပိုင်းက စစ်တပ်က ရွာထဲကိုအရပ်ဝတ်တွေနဲ့ဝင်လာပြီး ဒေသခံ(၂၂)ယောက်ကို ဖမ်းခေါ်သွားတာ။ အဲဒီထဲမှာ အသက်မပြည့် သေးတဲ့လူငယ်(၃)ယောက်ရယ်၊ ရွာမှာစစ် ဘေးလာ ရှောင်နေတဲ့သူ(၄) ယောက်လည်းပါတယ်။ လူသားဒိုင်းလို အကာအကွယ်ယူပြီး ခေါ်သွားတာလို့ကျနော်ထင်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါဖမ်းဆီးခံရွာသားများအနက် အသက်အရွယ်ကြီးရင့်သူ (၂)ဦးအား ယမန်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဖမ်းဆီးခံရသောဒေသခံများကိုခေါ်ဆောင်၍ အုန်းပင်စုရွာတွင် စခန်းချနေကြပြီး ဥသျှစ်ကုန်းရွာရှိ ဒေသခံများမှာလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အခြားဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းအမည်မဖော်လိုသူဒေသခံက ဆက်လက်ပြောဆိုသည်။
“ရွာသားတွေကို စစ်တပ်ကဖမ်း ခေါ်သွားတာဟုတ်တယ်။ သူတို့(စစ်ကောင်စီ)သွားတဲ့လမ်းတစ်လျှောက်ကို လမ်းပြလုပ်ခိုင်းဖို့လို့ ပြောတယ်။ ဒီဘက်(တော်လှန်ရေးအဖွဲ့)က ရွာတွေကို စစ်တပ်က လက်နက်ကြီး အရမ်း ပစ်တာ။ တချို့ရွာသားတွေက ပြေးတော့ပြေးပေမယ့် အကြာကြီးမပြေးနိုင်ဘူး။ အိမ်ကတိရစ္ဆာန်တွေကို အစာပြန်ကျွေးရတာလည်းရှိသေးတော့လေ။ စစ်မဖြစ်သေးရင်မပြေးဘူး အိမ်မှာပဲနေကြတာများတော့ စစ်တပ်ဝင်လာပြီဆို ဖမ်းဆီးခံရတာ ပစ်သတ်ခံရတာတွေရှိတယ်။” ဟု ပြောသည်။
ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက နတ်သံကွင်းမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းသို့ ယမန်နေ့ မတ်လ(၂၀)ရက်နေ့တွင် ဒရုန်းဖြင့်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်များ အထိနာပြီး မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောစကားအရ သိရသည်။
အလားတူ မုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးအပါအဝင် ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုများနှင့် ကျေးရွာများအတွင်းသို့ဝင်ရောက်၍ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပစ်သတ်ခြင်းများ လုပ်ဆောင်နေသောကြောင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၇)ရွာမှ ဒေသခံ ၄,၀၀၀(လေးထောင်)ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုက ယနေ့ သတင်းထုတ်ပြန်ထားသည်။