Home ဆောင်းပါး ရာထူးမလို လွတ်မြောက်လိုတဲ့ “နော်သဘီး”

ရာထူးမလို လွတ်မြောက်လိုတဲ့ “နော်သဘီး”

872

ရာထူးမလို လွတ်မြောက်လိုတဲ့ “နော်သဘီး”

နန်းဝေဖြိုး

ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အိမ်ရှေ့ဝရံတာနေရာ ကျဉ်းကျဉ်းထဲမှာ ခေါက်ကုလားထိုင်မှီကာ ကိုယ်တိုင်စိုက်ထားတဲ့ ဂမုန်းပင်တွေ ကိုငေးကြည့်ရင်း “စစ်သားဆိုတာ အမိန့်နာခံရတယ်၊ ဘယ်သူမှလူမသတ်ချင်ဘူး၊ ဒါပေမယ့် တာဝန်အရ သတ်ဖို့ခိုင်းလာရင်တော့ သတ်ရတာပဲ” ဆိုပြီး အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။

သူမကတော့ ခန္ဓာကိုယ်ဝဝတုတ်တုတ် ယောကျ်ားဆံပင်ကေနဲ့ ပါဝါမျက်မှန်ကို တပ်ထားပြီး ယောကျ်ား တစ်ယောက်လို နေတတ်တဲ့ အသက်(၆၀) ကျော်အရွယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်သားဟောင်း စစ်သည်အမျိုးသမီးကြီးတစ်ဦးပဲ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးကြီးရဲ့ နာမည်က နော်သဘီးဖြစ်ပြီး သက်တမ်းရင့် KNLA တပ်သား အမျိုးသမီးကြီးတစ်ဦးဖြစ်သလို တစ်ခေတ်တစ်ခါက တစ်ဖက်ရန် သူမြောက်များစွာကိုလည်း တိုက်ပွဲတွင်းမှာ တိုက်ခိုက်နိုင်ခဲ့ပြီး တာဝန်ပေးလာရင် လက်မရွံ့ဘဲ လုပ်ဆောင်ရဲတဲ့ အမျိုးသမီးစစ်သား ဟောင်းတစ်ဦးလို့ သိရပါတယ်။

ကေအဲန်ယူအပါအဝင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်တွေထဲမှာ နှစ်ပေါင်းများစွာ လစာမရှိ ရိက္ခာစားစရာဆန်ငါးပိလောက်နဲ့ ရာထူးနေရာမမက်ဘဲ နှစ်ပေါင်း ၅၀ ကျော် တာဝန်ထမ်း သူတွေထဲ အမျိုးသားတွေသာမက ရှားရှားပါးပါး အမျိုးသမီးတွေလည်းရှိပါတယ်။ အဲ့ဒီထဲမှာ နော်သဘီး လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

စစ်သမီးတစ်ယောက်ပီပီ စကားပြောရင် မျက်နှာ ခပ်တည်တည်နဲ့ တိုတိုပြတ်ပြတ်ပြောတတ်သူလည်း ဖြစ်ပါတယ်။ “စစ်တိုက်တဲ့သက်တမ်းတစ်လျှောက်မှာ တစ်ဖက်ရန်သူကို အများကြီးပစ်နိုင်ခဲ့တာပေါ့။ သူပစ်ကိုယ်ပစ်သေတာအများကြီး။ ပြီးတော့ အထက်ကအမိန့်ပေးရင် ရန်သူ သူလျှိုတွေကို သတ်ရတဲ့အခါလည်းရှိတယ်”လို့ သူမရဲ့ စစ်သားတစ်ယောက်ရဲ့ အမိန့်နာခံခဲ့ပုံကို ပြန်လည် ပြောပြပါတယ်။

ဒေသအတွင်းမှာ အာဏာရှင် ဗမာစစ်တပ် စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့ တိုင်းရင်းသားနယ်မြေတွေထဲမှာ ဗမာစစ်တပ်(သောက်ပယောင်)လို့ အသံကြားရင် ကြောက်ရွံ့ မုန်းတီးနေကြပြီး ထိုအထဲမှာ နော်သဘီးတစ်ဦးလည်း အပါအဝင်ပါ။

နော်သဘီးဆိုသူ စစ်သည်အမျိုးသမီးကြီးဟာ သိတတ်စအရွယ်ကတည်းက ဗမာစစ်တပ်ရဲ့ ပေါ်တာ လိုက်ထမ်းပေးပြီး အိမ်ပြန်လာတိုင်း ပုခုံးပေါ်မှာ အနာဆာများ ပြန်ပါလာတတ်တဲ့ ဖခင်ကိုမြင်တိုင်း ဗမာစစ်တပ်တွေကို မုန်းတီးပြီး တော်လှန်ရေးထဲဝင်ဖို့ စိတ်တွန်းအားဖြစ်စေခဲ့တာလို့ ဆိုပါတယ်။

အဲဒီအတွက်ကြောင့် သူမအသက်မပြည့်ခင် ၁၀ ကျော်သက်အရွယ်မှာပဲ အိမ်ကနေခိုးထွက်ပြီး KNLA တပ်ထဲကို ရောက်လာခဲ့သူပါ။

တိုက်ရဲ၊ ခိုက်ရဲ ဝါရင့်စစ်သည်အမျိုးသမီးတစ်ဦးဖြစ်တဲ့ နော်သဘီးဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အင်းနို့သိပ္ပံဇာတိဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ကတည်းက KNLA တပ်ရင်း(၂၁)ထဲကို ဝင်ရောက်လာတာပါ။

KNLA တပ်ထဲကို ဝင်လာချိန်မှာ အသက်မပြည့်သေးတဲ့အတွက်ကြောင့် အခြေခံစစ်သင်တန်းကို ချက်ချင်း တက်ခွင့်မရသေးဘဲ ၃ နှစ်ကျော်ကြာ စစ်ကြောင်းနဲ့အတူ ရှေ့တန်းထွက်တိုက်ပွဲဝင်ခဲ့ပြီးမှ အခြေခံစစ်သင်တန်းကို တက်ခွင့်ရတယ်လို့ သူမက ဆိုပါတယ်။

“ဝင်လာတုန်းက အသက်က ၁၄ နှစ်တောင်မပြည့်ဘူး။ စစ်သင်တန်းတက်တာတောင် အသက်တစ်နှစ် ပေးတိုးပြီးမှ တက်လို့ရတာ။ စစချင်းဝင်တဲ့အချိန်မှာ ခေါ်လာတဲ့ဗိုလ်ကြီးတစ်ယောက်က ဘာပြောလဲ ဆိုရင် မပျော်ရင် ၃ နှစ်၊ ပျော်ရင်တော့ ၇နှစ်ပေါ့။ ဒါပေမယ့် ၇ နှစ်ပြည့်တဲ့အချိန်အထိလည်း ရွာပြန်မရောက်ဖြစ်ခဲ့ဘူး”လို့ ပြောပါတယ်။

ကရင်လက်နက်ကိုင်တော်လှန်ရေးထဲကိုစတင်ဝင်တဲ့အချိန်မှာ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေထဲကို ဗမာစစ်တပ်ရဲ့ နယ်မြေထိုးစစ်ဆင်နေပြီး ဖြတ်လေးဖြတ်ခေတ်ကာလ ဖြစ်တဲ့အတွက် ဖြစ်တဲ့တိုက်ပွဲတိုင်းမှာလည်း တိုက်ပွဲကြီးများဖြစ်တယ်လို့ သူမက ဆိုပါတယ်။

KNLA တပ်သားဘဝနဲ့ နှစ်ပေါင်း(၄၀)ကျော် တော်လှန်တိုက်ပွဲဝင်ပြီး ဇရာကြောင့် အသက် အရွယ်ကြီး ရင့်လာသလို အခုအချိန်မှာ စိတ်သွားတိုင်း ကိုယ်မပါတော့တဲ့အခြေအနေဖြစ်တဲ့အတွက် စစ်တိုက်ချင်စိတ်က ကုန်ဆုံးမသွားဘူးလို့ သူမက ဆိုပါတယ်။

သူမက “ငါတို့တိုက်တဲ့ တိုက်ပွဲတုန်းကဆိုရင် ၄ ရက် ၅ ရက်ဆက်တိုက်မနားဘူး။ ဖြစ်တဲ့တိုက်ပွဲတွေက တိုက်ပွဲကြီးတွေပဲ။ အဲဒီအချိန်တုန်းက အသက်ငယ်တော့တိုက်နိုင်တယ်။ ငါက လုပ်သက်နှစ်ပေါင်း ၄၀ ကျော်အတွင်းမှာ ရပ်နားတာတွေမရှိဘူး အခုထိပဲ။ အခုလည်း လုပ်ချင်သေးတယ်ဒါပေမယ့် လူက အသက်ကြီးတော့မနိုင်တော့ဘူးလေ။ စိတ်ကတော့ မလျှော့ဘူး”လို့ သူမတော်လှန်ရေး ဖြတ်သန်းခဲ့ပုံကို ပြောပြပါတယ်။

စစ်တိုက်တဲ့အချိန်တွေမှာလည်း အမျိုးသားများနဲ့တန်းတူ ရှေ့တန်းထွက် တိုက်ပွဲဝင်ခဲ့တဲ့ အမျိုး သမီး တစ်ဦးဖြစ်သလို တစ်ခေတ်တစ်ခါက ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေမှာ တိုက်ခိုက်ရေးအပိုင်း နာမည်ကြီးတဲ့ လက်ရှိ KNLA -စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ တပ်မဟာ ၇ တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ်စောဂျော်ဖြူနဲ့လည်း ရှေ့တန်းထွက် အတူတိုက်ပွဲဝင်ခဲ့ဖူးတယ်လို့ သူမက ပြောပါတယ်။

ရဲဘော် နော်သဘီးဟာဆိုရင် အိမ်ထောင်ရှိခဲ့ပေမယ့်လည်း သားသမီးထွန်းကားခြင်းမရှိတာကြောင့် ၂၀၁၄ ခုနှစ်မှာ အမျိုးသားသေဆုံးပြီးနောက်မှာ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေထဲက တပ်မိသားစုအတွက် ဆောက်ထားပေးတဲ့ ပြန်လည်ထူထောင်ရေး နေအိမ်မှာနေပါတယ်။ ဆွေမျိုးတော်စပ်သူဖြစ်တဲ့ မောင်တွေ၊ တူတွေက ရံဖန်ရံခါ အဲဒီအိမ်မှာ အဖော်လာနေပေးပါတယ်။

နော်သဘီးဆိုတဲ့ KNLA စစ်သည်အမျိုးသမီးကြီးဟာ တစ်ချိန်တစ်ခါက ကေအဲန်ယူ တပ်မဟာ(၇) နယ်မြေထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ်တော်တော်များများမှာ အမျိုးသားစစ်သည် တွေနဲ့နည်းတူ ရှေ့တန်းထွက် တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်အမျိုးသမီးကြီးတစ်ဦးပါ။

တိုက်ပွဲထဲမှာလည်း တစ်ဖက်ရန်သူကို များစွာတိုက်ခိုက်နိုင်ခဲ့သလို တာဝန်ပေးရင် သေဒဏ်ပေးရမယ့်တစ်ဖက်ရန်သူလူတွေကိုလည်း ကိုယ်တိုင် စီရင်ပေးခဲ့တယ်လို့ စစ်သည်အမျိုးသမီးကြီး နော်သဘီးက ပြောပါတယ်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေထဲက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမကဘဲ တပ်မဟာ(၅)နယ် မြေထဲမှာဖြစ်ခဲ့တဲ့ တိုက်ပွဲများမှာလည်း စစ်သွားတိုက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

သူမရဲ့သက်တမ်းတစ်လျှောက်မှာ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၂၀ ကျော်တိုက်ပွဲဝင်ခဲ့ဖူးပြီး တိုက်ပွဲထဲ မှာလည်း တစ်ဖက်ရန်သူအမြောက်အများကို တိုက်ခိုက်နိုင်ခဲ့ဖူးကြောင်း ဆိုပါတယ်။

“အမှတ်ရဆုံးတိုက်ပွဲကြီးက ပိတခတောင်စွန်းမှာဖြစ်တိုက်ပွဲပေါ့။ အဲဒီတိုက်ပွဲက ၂ ရက် ၃ရက်ကြာ တယ်။ ခုနှစ်တော့ မမှတ်မိတော့ဘူး။ ဗမာစစ်တပ်ဘက်က အဲဒီတစ်ခေါက်က လေယာဉ် ၅စီးနဲ့ လာပစ်တယ်။ ကံကောင်းတာက အဲဒီတိုက်ပွဲမှာ ငါတို့ဘက် သေဆုံးတာတွေမရှိဘူး။ သူတို့ဘက်က လေယာဉ်နဲ့ရမ်းပြီးပစ်တာ”လို့ သူမက ရယ်ပြီး ပြန်ပြောင်းပြောပြပါတယ်။

အမျိုးသမီးဖြစ်တဲ့အတွက် ရှေ့တန်းထွက်တဲ့အချိန်တွေမှာလည်း အထက်လူကြီးတချို့၊ ရဲဘော် အချင်းချင်းတချို့ရဲ့ နှိမ်တာကို ခံခဲ့ဖူးပေမယ့်လည်း အလုပ်နဲ့သာ ပြန်လည်သက်သေပြခဲ့တယ်လို့ သူမက ဆိုပါတယ်။

“တိုက်ပွဲမှာဆိုရင်လည်း ကြက်မတွန်ရင်မိုးမလင်းဘူးဆိုပြီး ခဏခဏပြောခံထိတယ်။ တစ်ခါတစ်လေ တိုက်ပွဲမှာ ကျသွားတဲ့လူရှိရင် နင်တို့ မိန်းမတွေ ဘယ်မှာဖင်သွားခံလဲဆိုပြီး အဲလောက်အထိတောင် အပြောခံဖူးတယ်။ ကိုယ့်ကြောင့်ဆိုပြီး ပြောခံရတာရှိတယ်။ မျက်ရည်ကျရတဲ့အခါလည်း ရှိခဲ့တယ်။ ပြောခံရရင်လည်း စိတ်ထဲ မထားဘူး။ စိတ်ထဲထားရင် တော်လှန်ရေးကို ဒီအထိ မလုပ်ဘူး။ ” လို့ နော်သဘီးက ပြောပါတယ်။

သူမဟာ ယောက်ကျားတစ်ယောက်လို နေထိုင်တဲ့အပြင် အရက်ဖြူ(အိမ်ချက်အရက်)ကြိုက်တတ်တဲ့ သူတစ်ဦးလည်းဖြစ်ပြီး သွားတဲ့ နေရာတိုင်းမှာ ခါးကြားမှာ အရက်ဖြူဗူးအမြဲ ဆောင်ထားတတ် သော်လည်း တိုက်ပွဲထဲမှာ အရက်လုံးဝမသောက်ကြောင်းလည်း ဆိုပါတယ်။

“ တိုက်ပွဲတိုက်ပြီးဆိုရင် အရက်ကို ငါဘယ်လောက်ကြိုက်ကြိုက် လုံးဝမသောက်ဘူး။ မောပေမယ့် လည်းငါမသောက်ဘူး။ တိုက်ပွဲမှာ အရက်မသောက်လို့ ငါမသေတာ။ ပြီးတော့ စခန်းသိမ်းတိုက်ပွဲ တက်ရင် ဘယ်တော့မှ မတ်တပ်ရပ်ပြီး မတက်ရဘူး ”လို့ ပြောပါတယ်။

နော်သဘီးဆိုတဲ့ စစ်သည်အမျိုးသမီးဟာ အမျိုးသမီးလို့ ပြောသော်ငြားလည်း အမျိုးသားတစ်ဦးလို နေထိုင်တဲ့အပြင် လက်ရဲဇက်ရဲတဲ့ သူတစ်ဦးဖြစ်တဲ့အတွက် အမျိုးသားတချို့မှာ သူမကို ကြောက်ကြ တယ်လို့ သူမရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ အဖွားဖီ့ရှောင်ကလည်း ပြောပြပါတယ်။

“သူက တိုက်ပွဲမှာ တကယ်တိုက်ခဲ့တဲ့သူတစ်ဦး တကယ့်စစ်သားတစ်ဦးပဲ။ တချို့ဆို သူ့နာမည်ကြားရင် ကြောက်တယ်။ သူတိုက်ပွဲအတွေ့အကြုံတွေ အများကြီးရှိခဲ့တယ်။ အခုက သူမနိုင်လို့ နိုင်ရင်တော့သူ လုပ်တယ်။”လို့ ပြောပြပါတယ်။

ရှေ့တန်းထဲမှာ နှစ်ပေါင်းကြာနေခဲ့ပြီးနောက် အနောက်တန်းထဲကို ပြန်လည်နေထိုင်တဲ့အချိန်မှာ အချုပ်ခန်းမှူး၊ ဂိတ်မှူး တာဝန်တွေကို နှစ်ပေါင်းကြာ ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

“အခုအချိန်မှာရှေ့တန်းတွေမထွက်နိုင်တော့ဘူးလေ။ တကယ်လို့လှေဂိတ်စောင့်တာတို့ တာဝန်ပေးရင်တော့ လုပ်တယ်။ ဒါပေမယ့် ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာတော့ ကျန်းမာရေးက အရမ်းချူချာတော့ မနိုင်တော့ဘူးပေါ့”လို့ အမျိုးသမီးစစ်သည်ဟောင်း နော်သဘီးက ပြောပါတယ်။

ရှေ့တန်းထွက်တိုက်ပွဲဝင်ခဲ့တဲ့အချိန်မှာ သူမရဲ့တပ်ရင်းထဲမှာ အတူရှေ့တန်းထွက် ခဲ့တဲ့ အမျိုး သမီးစစ်သည် ၁၀ဦးလောက်ရှိပြီး တချို့ဟာ နောက်တန်းပြန်ရောက်ချိန်မှာ အိမ်ထောင်ပြု သွားတဲ့သူရှိသလို အိမ်ပြန်နားသွားတဲ့လူလည်းရှိပါတယ်။

ဒါ့အပြင် တချို့စစ်သည်အမျိုးသမီးတွေဟာ အိမ်ထောင်ပြုကလေး မီးဖွားခဲ့တဲ့အချိန်မှာ နှစ်ပေါင်းကြာ ယာယီတာဝန်ရပ်နားပြီးမှ တပ်ထဲကို ပြန်ဝင်လာတဲ့သူလည်းရှိပေမယ့်လည်း သူမကတော့ တပ်ထဲကို ဝင်ရောက်ချိန်ကတည်းကစပြီး အခုချိန်ထိ တာဝန်ကနေ ရပ်နားခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အသက်ကြီးလာခဲ့ပြီးဖြစ်တာကြောင့် တာဝန်ကနေရပ်နားဖို့ မောင်နှမတွေက တိုက်တွန်းပြောဆိုခဲ့ပေမယ့်လည်း တော်လှန်ရေးကို စိတ်မကုန်ခဲ့သေးသလို ဗမာစစ်တပ်ကို ပြန်တိုက် ချင်တဲ့ စိတ်ရှိနေဆဲဖြစ်တာကြောင့် မိမိတပ်ရင်းမှာ လက်ရှိအချိန်ထိ တာဝန်ထမ်း ဆောင်နေဆဲဖြစ်ပြီး တာဝန်ပေးရင် လုပ်နိုင်တဲ့အပိုင်းလုပ်ပေးအုံးမယ်လို့ သူမ ပြောဆိုပါတယ်။

“ ခေါင်းဆောင်တွေဖြစ်စေ၊ စစ်သားတွေဖြစ်စေ၊ ခေါင်းဆောင်ကောင်းဖြစ်ချင်ရင် စစ်သားကောင်း ဖြစ်ချင်ရင် လူထုထောက်ခံအောင် ယုံကြည်အောင် လုပ်ရမယ်။ လူထုအတွက် နစ်နာခံစရာရှိရင် နစ်နာခံ ပေးရတယ်။ ဒါမှလိုချင်တဲ့ ငြိမ်းချမ်းရေးကို တိုက်ယူနိုင်မှာဖြစ်တယ်လို့ငါက အဲဒီလိုခံယူတယ်”လို့ တော်လှန်ရေးအပေါ် သူမရဲ့ အမြင်နဲ့ ခံယူချက်ကို ပြောပြပါတယ်။

နော်သဘီးဟာ အမျိုးသမီးဖြစ်ပေမယ့်လည်း တိုက်ရည်၊ ခိုက်ရည်အပိုင်းမှာ အမျိုးသားများနဲ့အတူ တန်းတူ တိုက်ခိုက်နိုင်ပြီး ပေးအပ်တဲ့ တာဝန်များကိုလည်း မပျက်မကွက် တာဝန်ထမ်းဆောင်နိုင်တဲ့ အတွက် အထက်လူကြီးများက တပ်သားရာထူးကနေ တစ်ဆင့် တပ်ကြပ်ကြီး စတဲ့ အဆင့်ဆင့် ရာထူးတိုးပေးဖို့အတွက် စီစဉ်ခဲ့ဖူးသည်။

ဒါပေမယ့် သူမက ရာထူးကို မလိုချင်ဘဲ တာဝန်ကိုသာ ကျေပွန်စွာထမ်းဆောင်ပေးချင်တာကြောင့် လက်ရှိအချိန်ထိ တပ်သား ရဲဘော်အဆင့်နဲ့သာ နေသွားခဲ့တယ်လို့ ဆိုပါတယ်။

“ ရာထူးတွေတင်ဖို့ တပ်ရင်းမှူးတွေက လာပြောဖူးတယ်။ သူတို့ကို အပြတ်ပဲ ပြန်ပြောတယ်။ ငါက ရာထူးမလိုချင်ဘူး။ ကရင်နိုင်ငံပဲလိုချင်တယ်။ နင်တို့ ရာထူးတင်ရဲရင်တင်ကြည့် ငါထင်ရာစိုင်း လိုက်လျှောက်လုပ်ပစ်မယ်ပြောတော့ သူတို့လည်း ရာထူးမတင်ရဲတော့ဘူး။ ” လို့ နော်သဘီးက ပြောပါတယ်။