Home သတင်း ပစ်ခတ်မှုများမကြာခဏဖြစ်ပွားနေသည့် ရေးမြို့တွင် စစ်ကောင်စီတပ် စစ်ဆေးမှုများ တင်းကြပ်ထား

ပစ်ခတ်မှုများမကြာခဏဖြစ်ပွားနေသည့် ရေးမြို့တွင် စစ်ကောင်စီတပ် စစ်ဆေးမှုများ တင်းကြပ်ထား

532
Photo: Crd.

ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းမှစ၍ စစ်ကောင်စီတပ်များနှင့် နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီးသည့်နောက် စစ် ကောင်စီတပ်များက ရေးမြို့တစ်မြို့လုံးကို စစ်ဆေးမှုများတင်းကြပ်ထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်ကောင်စီတပ်များက မာရှယ်လောထုတ်သည့်မြို့နယ်များအနက် ရေးမြို့နယ် ပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်များက ၎င်းမြို့နယ်ရှိ မော့ကနင်၊ ကြိုးတံတားစသည့် ကျေးရွာများထဲတွင် မြေမြှုပ်မိုင်းထောင်ထားမှုများ၊ ငွေညှစ်တောင်းခံမှုများပြုလုပ်နေသည့်အပြင် မြို့တွင်း၊မြို့ပြင်များတွင်လည်း စစ်ဆေးမှုများတင်းကြပ်ထားသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ YGF ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ယခုလိုပြောသည်။

“အခုက ရေးတစ်မြို့လုံး မြို့ထဲရောမြို့ပြင်ရော အကုန်ကြပ်နေတာပဲ။ သူတို့လူတွေ ပစ်ခံထိတာများတော့ ကြောက်လို့ ဖြစ်မယ်။ ပြည်သူတွေဖိနှိပ်နေတာ၊ မိုင်းတွေထောင်တယ်၊ ပြီးတော့ ပြည်သူတွေအပေါ်ငွေညှစ်တယ် အနိုင်ကျင့်တယ်။ အခုမာရှယ်လောကလည်း ဒီကောင်တွေ ပြည်သူတွေအပေါ် ပိုယုတ်မာနိုင်ဖို့ အတွက်နဲ့ ကြောက်လို့ထုတ်ပြန်နေတာပဲလို့ မြင်တယ်”ဟု ရေး YGF တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ပြောသည်။

ထို့နောက် ယခုနှစ် ဇန်နဝါရီလပိုင်းမှစ၍ ဖေဖော်ဝါရီလအထိ ရေးမြို့နယ် မော့ကနင် ကျေးရွာနှင့်အနီးအနားကျေးရွာများတွင် စစ်ကောင်စီတပ်များ ထောင်ထားသည့်မိုင်းနင်းမိ၍ အသက် (၆၀) အရွယ် လူကြီး ၄ ယောက်ထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။

Photo: Crd.

လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ဖေဖော်ဝါရီလ ၂လအတွင်း မိုင်းထိနေတာ ၄ ယောက်ရှိပြီး။ မော့ကနင်ရွာမှာက စစ်တပ်ကုန်း ၃ ခုရှိတယ်။ မိုင်းက မော့ကနင်ရွာအပြင်တောင်ယာ ခြံဘက်တွေမှာ ထောင်ထားတယ်။ ထိတဲ့ယောက်ကျားလေး ၄ ယောက်ထဲမှာ ဒဏ်ရာကြီးကြီး မားမားထိတာ ၂ ယောက်ပဲ။ ကျန်တဲ့၂ ယောက်က ကျည်အစအနေ ထိတယ်။ သက်ကြီးပိုင်းတွေကြီးပဲ ၆၀ ဝန်းကျင်လောက်ပဲ”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင်လည်း မွန်ပြည်နယ် တောင်ပိုင်း၊ ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချထားသည့် ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သေးကြောင်း လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ မွန်ပြည်နယ်ရေးမြို့နယ်ထဲတွင် ရေးပြောက်ကျား(YGF)တပ်ဖွဲ့၊ ရေးဘီးလူးအဖွဲ့၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့စသည့်အဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား မကြာခဏပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ တပ်ဘက်ကလည်း ၎င်းနယ်မြေအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ စစ်ကြောင်းထိုး ဝင်ရောက်မှုများလည်း လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။