မူမမှန်တဲ့စာ၊ ကောက်ကျစ်မှုနဲ့ လှည့်စားမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုတင် လေချိုသွေးတဲ့စာ
မောင်ကျော်စွာ
(၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၀ရက်)
ယခုဆောင်းပါးသည် ကေအိုင်စီ (ကရင်သတင်းဌာန) က (၉-၂-၂၀၂၃)ရက်နေ့တွင် ဖော်ပြခဲ့သော (လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ကြပ်မတ်ပေးရန် KNU ဥက္ကဌ၊ KNLA စစ်ဦးစီးချုပ်တို့အား စစ်ကောင်စီ တောင်းဆို) သတင်းကို အခြေခံပါတယ်။ ထိုသတင်းဖော်ပြချက်နှင့်အတူ “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဥက္ကဋ္ဌ၊ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ စစ်ဦးစီးချုပ်၊ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU)သို့ လိပ်မူထားတဲ့ (၆-၂-၂၀၂၃)ရက်၊ နေ့စွဲပါ စာကိုလည်း ဖတ်ရပါတယ်။ ထိုစာကို ဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ် ရှိန်၊ အဖွဲ့ဝင်က လက်မှတ်ရေးထိုးထားပါတယ်။
ထိုစာမှာ အချက် (၇) ချက်ပါရှိပါတယ်။ ထိုအချက် (၇)ချက်အနက်မှ အချက်အမှတ်(၄) တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများဖြစ်စဉ်များရဲ့ အကြိမ်အရေအတွက်ကို ဖော်ပြထားပါတယ်။ ကရင်ပြည်နယ်တွင် (၁၁၆)ကြိမ်၊ မွန်ပြည်နယ်တွင် (၃၁၇)ကြိမ်၊ ပဲခူး တိုင်းတွင်( ၆၆၂)ကြိမ်၊ စုစုပေါင်း (၁၀၉၅)ကြိမ်ရှိကြောင်းဟူ၍ ဖြစ်ပါတယ်။ သူတို့ဘက်က ပြုစုပေးပို့သော စာရင်းအရဆိုရင် ပဲခူးတိုင်းဟာ တိုက်အားကောင်းသော စစ်မျက် နှာလို့ ဆိုရပါလိမ့်မယ်။
အလားတူသဘောထားမျိုးနဲ့ သက်ဆိုင်ရာဒေသအလိုက် ဖြစ်ပေါ်ခဲ့သော ထိတွေ့တိုက်ခိုက်မှုများကို ဖော်ပြသော အချက်အလက်များ ပါဝင်တဲ့“စာများ”ကို ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့ရှိ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများထံသို့လည်း ပေးပို့နိုင်တယ်လို့ တွက်ဆပါတယ်။
ယခုစာကို သူတို့ပေးပို့ခြင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်ပေးလိမ့်မည်ဟု ထင်မြင်ယူဆ၍ မဟုတ်ပါ။ အခြားတစ်ဖက်တွင် နိုင်ငံရေးအရ ခြေလှမ်းယူခြင်း၊ ကြိုတင် နာမည်ကောင်းယူခြင်းသာဖြစ်ပြီး အခြားတစ်ဖက်မှာတော့ စာတွင်ဖော်ပြခဲ့သော ထိတွေ့တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ရပ်တို့ကို သက်ဆိုင်ရာအဖွဲ့အ စည်းများက လုပ်ဆောင်နေတာ ဖြစ်တယ်ဆိုတဲ့အချက်ကို တမင်ပေါ်လွင်ထင်ရှားအောင်လည်း ကြံရွယ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကသာ ငြိမ်းချမ်းရေးအတွက် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် စိတ်ကောင်းနှလုံးကောင်း ရှိလေဟန် အသားယူဖို့အတွက်လည်း ဖြစ်ပါတယ်။
တကယ်တော့ တိုင်းပြည်နဲ့အဝန်းဖြစ်ခဲ့ ဖြစ်ဆဲ ဖြစ်လတ္တံ့ကိစ္စများဟာ (၁-၂-၂၀၂၁)ရက်နေ့တွင် မင်းအောင်လှိုင် ဦးစီးတဲ့ (စကစ)စစ်အုပ်စုရဲ့ အကြမ်းဖက် အာဏာ သိမ်းမှုကနေ တိုက်ရိုက်အကျိုးဆက်အဖြစ် ပေါ်ပေါက်လာရတဲ့ ကိစ္စများသာ ဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာကို အကြမ်းဖက် အာဏာသိမ်းနည်းဖြင့် ဖြေရှင်းတာကို သဘောခွေ့လက်ယဉ်နေသော စစ်အုပ်စုရဲ့ ဇာတ်ရဲလက်ရဲလုပ်ရပ်ကြောင့် တိုင်းပြည်နဲ့အ ဝန်း မီးဟုန်းဟုန်း တောက်လောင်နေရတာပဲ မဟုတ်ပါလား။ “မဲမသမာမှု” ဆို တဲ့ လုပ်ကြံအကြောင်းပြချက်ကို အကွက်ချဖန်တီးပြီး အကြမ်းဖက်အာဏာသိမ်းနည်းဖြင့် စစ် အုပ်စုက လုပ်ဆောင်ခဲ့သလို ပြည်သူများရဲ့ ဒီမိုကရေစီနည်းလမ်းတကျဆန္ဒ (ဝါ) ရွေးကောက်ပွဲ တခဲနက်ရလဒ်ကို စစ်အုပ်စုရဲ့ အစဉ်အလာ သန္ဓေပါဗီဇအတိုင်း ထပ်မံဖျက် ဆီးပစ်ခဲ့တယ် မဟုတ်ပါလား။
အခုတော့ မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံနေရပြီ မဟုတ်ပါလား။ သာမန်ပျက်စီးမှုတွေ မပါသေးဘဲ ကြီးမားတဲ့ ပျက်စီးမှုပေါင်း ၄၉၀၀ကျော်၊ တိုက်ခိုက်မှု အကြိမ် ပေါင်း ၉၇၀၀ကျော် ဖြစ်ခဲ့တယ်တဲ့။
ဒါ့အပြင် သင်းတို့ တရားသေကိုင်စွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတာကိုပင် အကြိမ်ကြိမ် ဖောက်ဖျက်ကျော်လွန်ပြီး ရှေ့နောက်မညီ လုပ်ဆောင်ခဲ့သလို နောက် ထပ်လည်း “သက်တမ်း ၆ လ” တိုးမြှင့်ခဲ့ကြပြန်ပြီ မဟုတ်ပါလား။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ် (တိုင်းဒေသကြီး ၄ခုနဲ့ ပြည်နယ် ၄ခု)က မြို့နယ် ၃၇မြို့နယ်ကို မာရှယ်လောကြေညာခဲ့ရပြီ မဟုတ်ပါလား။ ထို့အတူ ကျန်တဲ့ တိုင်းဒေသကြီးတွေနဲ့ပြည်နယ်တွေမှာလည်း တည်ငြိမ်မှုနဲ့လုံခြုံမှုကို အကြမ်း ဖက်(စကစ) စစ်အုပ်စုအနေနဲ့ အာမခံချက် အခိုင်အမာ မပေးနိုင်ပါဘူး။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ စစ်တွေ စတဲ့ မြို့ကြီး တွေမှာလည်း လုံခြုံမှုမရှိတာ၊ အေးချမ်းမှုမရှိတာကို အကြမ်းဖက်( စကစ) စစ်အုပ်စုအနေနဲ့ ရဲရဲဝန်မခံဝံ့ပါဘူး။ မင်းအောင်လှိုင်တို့ကိုယ်တိုင် ဘယ်လိုလုံခြုံရေးအစီအမံနဲ့ သွားလာနေရသလဲဆိုတာ သူတို့ကိုယ်သူတို့ အသိဆုံးသာဖြစ်ပါတယ်။
တကယ်တော့ “မာရှယ်လော ကြေညာတယ်” ဆိုတာ ခါးပိုက်ဆောင်တပ်ကို လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ထင်သလိုလုပ်ဖို့ ခွင့်ပေးတာပါပဲ။ မာရှယ်လော ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ ခါးပိုက်ဆောင်တပ်ဟာ တိုင်းနဲ့အဝန်း ကျေးလက်မှာရော မြို့ပြမှာပါ သတ်ဖြတ်လုယက် မီးတင်ရှို့နေတာပါ။ လက်နက်ကြီးနဲ့ ရမ်းသပ် ပစ်ခတ်နေတာပါ။ လေယာဉ်ပျံနဲ့ဗုံးကြဲနေတာပါ။ ဒီလုပ်ရပ်တွေက “တစ်ပြည်လုံး အတိုက်အခိုက်ရပ်စဲထားပါတယ်” ဆိုတဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ ကြေညာချက်ဟာ ဗြောင်လိမ်ညာချက်သာဖြစ်တယ်ဆိုတာ ပွင့်ကျသွားပါတယ်။ အဲဒီလို လူမဆန်တဲ့လုပ်ရပ်တွေကို သူတို့စာထဲမှာ တစ်ကြောင်းတစ်ပါဒတောင်မှ ဖော်ပြ မထားပါဘူး။
မင်းအောင်လှိုင်ဟာ ဘယ်လောက်ထိ ဗြောင်လိမ်ညာပြောဆိုနေသလဲဆိုတော့ (CRPH – NUG – PDF) တွေဟာ “ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် လုပ်ဆောင်နေခြင်းဖြစ်” သတဲ့။ “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခံယူချက်များနှင့် ၎င်းအကြမ်းဖက်အဖွဲ့များ၏ ယုံကြည်ချက်၊ ခံယူချက်များ တူညီမှုမရှိဘူး” တဲ့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုသည် အပေါ်တွင် လက်မှတ်ရေးထိုးထားခြင်း” ဖြစ်သတဲ့။ ၂၀၂၁ခုနှစ်နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီပေါ်တွင် သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများဖြစ်” သတဲ့။ ဒီအချက်တွေဟာ (၉-၂-၂၀၂၃) ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဥက္ကဋ္ဌရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်ပြောတာတွေထဲက ကောက်နုတ်ထားတာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်တုန်းက တတိုင်းတပြည်လုံး ငြိမ်းချမ်းစွာ၊စည်းကမ်းရှိစွာ ဆန္ဒပြခဲ့တာကိုလည်း “မင်းမဲ့စရိုက်ဆူပူ သောင်းကျန်းမှု” လို့ သွားပုပ်လေလွင့် သရုပ်ဖျက်ခဲ့တာ လည်း စစ်အုပ်စုပါပဲ။ အခုလည်း မဲမသမာမှုဆိုတဲ့ လုပ်ကြံလီဆယ် အကြောင်းပြချက်နဲ့ အကြမ်းဖက်အာဏာသိမ်းတဲ့ စစ်အုပ်စုက “ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနဲ့ ရယူရန် လုပ်ဆောင်နေခြင်း” ဖြစ်ပြန်သတဲ့။ ဒီမိုကရေစီပေါ် သဘောထားကွဲလွဲရင် ဒီမိုကရေစီနည်းကျ တန်းတူရည်တူဖြေရှင်းပါ့လား။ ဘာကြောင့် သေနတ်နဲ့အကြမ်းဖက် အာဏာသိမ်းခဲ့ကြသလဲ။ အာဏာသိမ်းတာကလည်း တစ်ခုမဟုတ်၊ နှစ်ခါမဟုတ်၊ ၁၉၅၈ခုနှစ်က “အိမ်စောင့်အစိုးရ” ကိုပါထည့်တွက်ရင် စစ်အုပ်စုက အာဏာသိမ်းတာချည်း ၄ ကြိမ်ရှိပါပြီ။ စစ်အုပ်စုက ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်တာ ၂ကြိမ်ရှိပါပြီ။
ဒီတော့ ဒီမိုကရေစီပေါ်သဘောထားကွဲလွဲတာကို လက်နက်ကိုင်ပြီး အကြမ်းဖက်ဖြေရှင်းခဲ့တာ စစ်အုပ်စုပဲ မဟုတ်ပါလား။ အဲဒီလို အုပ်စိုးသူအဆက်ဆက် စစ်အုပ်စု အဆက်ဆက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း၊ ဒီမိုကရေစီ သဘောထားကွဲလွဲတာကို ဒီမိုကရေစီနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ပြီး စတင် အကြမ်းဖက်ခဲ့လို့လည်း ၁၉၄၈ခုနှစ် ကွန်မြူနစ်တွေရဲ့ ခုခံတော်လှန်ရေး၊ ၁၉၄၉ခုနှစ် ကရင်နဲ့မွန်တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၆၀မှာ ကချင်တို့ရဲ့ ခုခံတော်လှန်ရေး၊ ၁၉၈၈ခုနှစ်မှာ ကျောင်း သားတွေရဲ့ ခုခံတော်လှန်ရေး၊ ၂၀၂၁ ခုနှစ်မှာ မျိုးဆက်သစ်များရဲ့ ခုခံတော်လှန်ရေးတွေဟာ သဘာဝကျစွာ ပေါ်ပေါက်လာရတာပဲ မဟုတ်ပါလား။
ဒါ့ကြောင့် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထံ ပေးပို့တဲ့ အကြောင်းကြားစာဟာ သမိုင်းကြောင်းနဲ့ အဖြစ် မှန်တွေကို တလွဲတချော် ရေးသားထားပြီး တစ်ဖက်သတ် အပြစ်ဖို့ထားတဲ့ စာ၊ ကြောင်းကျိုးဆီလျော်ခြင်း အလျဉ်းမရှိတဲ့စာ၊ မူမမှန်တဲ့စာ၊ ကောက်ကျစ်မှုနဲ့ လှည့်စားမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုတင် လေချိုသွေးတဲ့စာ၊ ညစ်ဉာဏ်များတဲ့စာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။