Home သတင်း ကရင့်သမိုင်းနှင့် ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများကို သိရှိရန်လိုအပ်ဟု KNU ဥက္ကဌ ပြော

ကရင့်သမိုင်းနှင့် ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများကို သိရှိရန်လိုအပ်ဟု KNU ဥက္ကဌ ပြော

1126

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အမျိုးသားနေ့ဂုဏ်ပြု ကျင်းပသည့်အချိန်တွင် ကရင်အမျိုးသားများ၏ သမိုင်းကြောင်း၊ ဘဝအတွေ့အကြုံနှင့် ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ပြန်လည်သတိရအောက်မေ့ဂုဏ်ပြုကြရန် အရေးကြီးသည်ဟု (၇၅)နှစ်ပြည့် စိန်ရတု ကရင်အမျိုးသားနေ့သို့ ပေးပို့သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ မိန့်ခွန်းတွင် ပြောဆိုသည်။

“မိမိတို့ကရင်အမျိုးသားနေ့ကို အဓိပ္ပါယ်အပြည့်အဝကျင်းပနိုင်ရန် ကရင်အမျိုးသားနေ့ သမိုင်းကြောင်းနှင့် ယခင်က ခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကိုသိရှိရန်လိုအပ်သည့်အပြင် ချမှတ်ခဲ့သည့် အမျိုးသားရေး မျှော်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်းချက်များကိုလည်း ပြည့်မှီရရှိရန်အတွက် ကျရာကဏ္ဍတွင် အားလုံးပူးပေါင်းပါဝင်ရမည်ဖြစ်သည်”ဟု ကေအဲန်ယူ ဥက္ကဌက ပြောသည်။

ထို့အပြင် ကရင်အမျိုးသားနေ့ နေ့ထူးနေ့မြတ်ကြီး ကျင်းပသည့်အချိန်တွင် အထူးသတိရှိရမည့် ကရင်လူမျိုးများ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အဓိကအကြောင်းတရား (၃)ရပ်ဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု အသိပညာ၊ အတတ် ပညာနှင့် စီးပွားရေးဆိုင်ရာ လုံခြုံမှုရှိမှကရင်အမျိုးသားများ၏ အမျိုးသားရေးလှုပ်ရှားမှု အရှိန်ဟုန်ကြီး ထွားလာမည်ဖြစ်သည်ဟု ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။

ကရင်အမျိုးသားထု၏ လှုပ်ရှားမှုကြီးသည် ၁၈၈၁ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကာ ဗြိတိသျှအစိုးရမှ သင့်တင့်လျောက်ပတ်သည့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ကရင်အမျိုးသားများ၏ ကြိုးစားအားထုတ်မှုများကြောင့် ကရင်လူမျိုးများသည် အဖက်ဖက်တိုးတက်မှုရရှိပြီး ကျွမ်းကျင်မှုအခန်းကဏ္ဍများတွင်လည်း ဘက်စုံကျွမ်း ကျင်ခဲ့သည့်အပြင် အသိပညာ၊ အတတ်ပညာများမြင့်မားခဲ့သည်ဟု ကေအဲန်ယူ ဥက္ကဋ္ဌက ပြောသည်။

ဆက်လက်၍ ကရင်အမျိုးသားအရေးကို စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပြီး ကရင်အမျိုးသား ရေးသမိုင်းကိုလည်း ဆက်လက်ပခုံးပြောင်း တာဝန်ယူမည့် မျိုးဆက်သစ်လူငယ်များ သိရှိနားလည်ရန်အတွက် အားသွန်ခွန်စိုက်ပြီး ပိုမိုရေးသားဖော်ထုတ်ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုသည်။

ကရင်အမျိုးသားနေ့ (၇၅)နှစ်မြောက် စိန်ရတုမှသည် လုံခြုံမှုရှိပြီး တည်ငြိမ်အေးချမ်းသည့် ကရင်မျိုးသားတို့၏ အနာဂတ်သာယာလှပရေးအတွက် ကရင်အမျိုးသားအချင်းချင်းကြား၊ ကရင်အမျိုးသားအဖွဲ့စည်းအချင်းချင်းကြား မှန်ကန်သည့် မျိုးချစ်စိတ်ကိုအခြေခံပြီး မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်ရရှိရေးအတွက် အပြန်အလှန်ဖေးမကူညီပြီး ချီတက်တိုက်ပွဲဝင်သွားရန်လည်း ကေအဲန်ယူ ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

၁၉၄၈ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် မြန်မာပြည်အနှံ့တွင် နေထိုင်ကြသည့် ကရင်လူထု(၄)သိန်းကျော်က “ကရင်ပြည် ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ်ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ” စသည့် တောင်းဆိုချက် ၄ချက်ကို ကိုင်ဆောင်ကာ ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာ ဆန္ဒပြ‌တောင်းဆိုမှုပြုလုပ်ခဲ့ကြသည်။

ထိုနေ့ကိုအစွဲပြု၍ ဖေဖော်ဝါရီလ (၁၁)ရက်နေ့သည့် ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ရန် ၁၉၅၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်မှ (၂၅)ရက်နေ့အထိ ဖာပွန်မြို့၌ ကျင်းပခဲ့‌သည် ပထမဦးဆုံး ကော်သူးလေပြည်လုံးဆိုင်ရာ ညီလာခံကြီးတွင် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိတညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ကြသည်။