ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဘုရာသုံးဆူမြို့တွင် မီတာခကို တိုးမြှင့်ကောက်ခံလာသောကြောင့် မြို့ပေါ် ပြည်သူများအနေဖြင့် ရပ်တည်ရေးအတွက် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် မြပန်းကုမ္ပဏီမှနေ၍ လျှပ်စစ်မီးများကို ထိုင်းနိုင်ငံမှတစ်ဆင့် ဝယ်ယူပြီး မြို့တွင်းသို့ ဖြန့်ဝေနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် မီတာခတစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ(၆)ဘတ်နှုန်းဖြင့် ပေးဆောင် နေရကာမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှစတင်ကာ မီတာခတစ်ယူ နစ်လျှင်(၈) ဘတ်နှုန်းထိ တိုးမြှင့်ကောက်ခံလာသည့်အတွက် ရေရှည်တွင်အခက် အခဲများကြုံတွေ့လာနိုင်ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ယခုလို ပြောသည်။
“မီးက ပုံမှန်လာတယ်ဆိုပေမဲ့ အခုလို မတရားဈေးတက်တဲ့ အခါကျတော့ ရေရှည်မှာ အဆင်မပြေနိုင်ဘူးလေ။ လူတိုင်းခက်ခဲနေကြတဲ့အချိန်ကြီး အလုပ်အကိုင်ကလည်း ကြပ်တည်းတဲ့ကာလဖြစ်တယ်။ အခုက ၈ ဘတ်အထိတက်လာတော့ တစ်လကို တစ်ထောင်ကျော် နှစ်ထောင်အထိ မီတာခတက်လာတော့ ရေရှည် ဒီတိုင်းပဲ ဆက်တိုက်မီတာခ တက်လာရင် စားဝတ်နေရေးထက်၊ မီတာခကိုတိုးပြီး ပေးရမလိုတောင် ဖြစ်နေပြီး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မီတာခ တိုးကောက်လာခြင်းကြောင့် Online Shop လုပ်ကိုင်သူများနှင့် လျှပ်စစ်မီးကို အဓိကထားပြီး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း ယခင်ကထက် မီးကိုလျှော့သုံးနေရပြီး အလုပ်အကိုင်ပါထိခိုက်လာနိုင်ကြောင်း ၎င်းလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်၊၊
အွန်လိုင်းဖြင့် အလုပ်လုပ်နေသူ မြို့ခံတစ်ဦးက “အွန်လိုင်းရှော့ပ် သမားမှ မဟုတ်ပါဘူး။ လျှပ်စစ်မီးကို သုံးတဲ့သူတိုင်း မီတာခတက်လာတော့ ဒုက္ခရောက်တာပေါ့။ ကိုယ်တွေ ကျတော့ဖုန်းနဲ့ပဲ တနေကုန်လုပ်နေ ရတာဆိုတော့၊ အဆင်မပြေဘူးပေါ့။ အိမ်မှာဆိုရင် လည်း အကုန်လျှော့သုံးနေရတယ်။ ”ဟု ပြောသည်။
ထို့အပြင် လက်ရှိ ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီတာခအပြင် ထင်း၊ မီးသွေးများလည်း စျေးတက်နေသည့်အတွက် မြို့ခံများအတွက် ပို၍ခက်ခဲလာသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။
ဘုရားသုံးဆူမြို့တွင် အစိုးရမီးမရရှိသည့်အတွက် ကုမ္ပဏီမှတစ်ဆင့်ပေးသော လျှပ် စစ်မီးများကိုသာ အသုံးပြုနေရပြီး ထိုင်းနိုင်ငံဘက်မှ ဒုတိယအကြိမ် မီတာဈေးနှုန်း တက်လာသည့်အတွက်ကြောင့် ယခုလို မြို့တွင်း မီတာခဈေးနှုန်းများ တက်လာခြင်းဖြစ် ကြောင်းလည်း မြို့ခံလူထုများက ပြောဆိုကြသည်။



















