Home သတင်း Palaw-KPDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ၄ ဦးခန့် သေဆုံးပြီး ၆ ဦးထိခိုက်

Palaw-KPDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ၄ ဦးခန့် သေဆုံးပြီး ၆ ဦးထိခိုက်

449

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ တပိုးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို Palaw-KPDFနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက အသင့်ထောင် ထားသော မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၆ဦး ထိခိုက်ခဲ့ကြောင်း Palaw-KPDF ယနေ့ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က ပုလောမြို့နယ် တပိုးကျေးရွာသို့ အင်အား(၈၀) ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Palaw-KPDFနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပလမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း ထုတ်ပြန် ချက်အရသိရသည်။

Palaw-KPDF တာဝန်ရှိသူတစ်ဦးက “ PDF စခန်းရှိလို့ စစ်ကြောင်းထိုးတဲ့ ပုံစံတော့ မဟုတ်ဘူး။ ရွာကို ဝင်စီးချင်တဲ့ သဘောမျိုးလည်း မဟုတ်ဘူး။ အခုရက်ပိုင်း စစ်ကြောင်းထိုးဖို့အတွက် ကြိုပြီး နယ်မြေ ဝင်ယူတဲ့ ပုံစံပါ ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံမှ ရိက္ခာခြောက်နှင့် ဆက်စပ်ပစ္စည်း တချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း Palaw-KPDF တပ်ဖွဲ့ဝင်များက ပြောသည်။

လက်ရှိ တနင်္သာရီ တိုင်းဒေသအတွင်း စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၊ ကော်သူးလေအာမီ(KTLA) တို့အကြား မကြာခဏ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိသည်။ စစ်ကောင်စီ ဘက်မှလည်း အပြင်းအထန် ထိုးစစ်ဆင်မှုများ၊ ပိတ်ဆို့မှုများ ကိုပြုလုပ်နေပြီး ဒေသတွင်း စစ်ဘေးရှောင်နေရသူများလည်း တိုးလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

“အခုလက်ရှိ မြို့ထဲမှာတော့ အသံသိပ်မကြားဘူး။ ဒါပေမဲ့ရွာတွေဘက်မှာတော့ စကစက ခဏ ခဏစစ်ကြောင်းထိုးနေတယ်။ ပြီးတော့အရှေ့တောနယ်ဘက်မှာ ဆန်သယ်ဆောင် ခွင့်မရှိတော့ဘူး။ အဲ့ဒီအတွက် စစ်ရှောင်တွေတော်တော်ဒုက္ခရောက်နေတယ်။ ချွေတာစားသောက်နေရတယ်။ ရာသီဥတုကလည်း အေးတော့ပိုဆိုးတာပေါ့။ ခဏခဏတိုက်ပွဲဖြစ်နေတာဆိုတော့ ရိက္ခာအခက်အခဲရှိနေတယ်။ ”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

အလားတူ တနင်္သာရီမြို့တွင်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း အရပ်သား ထိခိုက်မှု ၁၇ ဦးထက်မနည်း ရှိနေပြီး စစ်ဘေးရှောင်ရသူ ၄၀၀၀ ကျော်တိုးလာကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်များအရ သိရသည်။