Home သတင်း ခုခံတော်လှန်စစ်အရှိန်မြှင့်လာပြီးနောက် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု တိုးလာကြောင်း BNI-MPM စစ်တမ်းတွင်ပြ

ခုခံတော်လှန်စစ်အရှိန်မြှင့်လာပြီးနောက် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု တိုးလာကြောင်း BNI-MPM စစ်တမ်းတွင်ပြ

466

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းမှုကို လက်မခံဘဲ စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှု အရှိန်မြှင့်လာပြီး နောက် စစ်ကောင်စီဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုတိုးလာကြောင်း နိုင်ငံတကာ မြန်မာ့သတင်း(BNI)၏ မြန်မာ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု-MPM အစီအစဉ်၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ဇန်နဝါရီလအထိ ကောက်ယူ မှတ်တမ်းတင်ထားမှုအရ သိရသည်။

စစ်အာဏာသိမ်းမှုစတင်ရာ ၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်အတွင်း အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများ၊ မြို့ပြ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/ LDF) များ လှုပ်ရှားရာ နယ်မြေများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) များ၏ ထိန်းချုပ်နယ် မြေများအား စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရက်ပေါင်း ၂၅၈ ရက်အထိရှိခဲ့ကြောင်း BNI-MPM၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုတွင် အရပ်သားများနေထိုင်ရာ ရပ်ရွာ၊ စာသင်ကျောင်း နှင့် စစ်ဘေးရှောင် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုမှာ အများဆုံးပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၉၈ ရက်ကြာတိုက်ခိုက်ခဲ့ကြောင်းနှင့်မြို့ပြဒေသလိုက် PDF/LDF များလှုပ်ရှားရာ၊ တိုက်ပွဲဖြစ်ပွားရာ စစ်မျက်နှာများအား ပစ်မှတ်ထား တိုက်ခိုက်မှုမှာ ဒုတိယအများဆုံး ပြုလုပ်ခဲ့သည်ဟုလည်း မှတ်တမ်းစာမျက်နှာတွင် ဆက်လက် ဖော်ပြထားသည်။

၂၅၈ ရက်ကြာ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ အဆိုပါ လေကြောင်း တိုက်ခိုက်မှုများကို မြို့နယ်အလိုက် တိုက်ခိုက်သည့်ရက်ပေါင်းကိုသာ မှတ်တမ်းတင်ထားပြီး တိုက်ခိုက်သည့် အကြိမ်အရေအတွက်အရ တစ်ရက်လျှင် ၃ကြိမ်မှ ၅ကြိမ်အထိ တိုက်ခိုက်မှုပြုလုပ်သောကြောင့် တိုက်ခိုက်မှု အကြိမ်အရေ အတွက်မှာ ပိုမိုများပြားနိုင်ကြောင်းလည်း BNI-MPM က ဆန်းစစ်သုံးသပ်ထားသည်။

တော်လှန်ရေး အင်အားစုများ၏ လက်နက်ကိုင် ခုခံတော်လှန်မှု အရှိန်မြှင့်တက်လာခြင်းနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း တော်လှန်ရေး အင်အားစုများကို လက်နက် တပ်ဆင်ပေးမှု ပိုမို ပြုလုပ်လာနိုင်မှုကြောင့် မြေပြင် ထိုးစစ်ဆင်မှု အရေးနိမ့်လာသည့် စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ပိုတိုးလုပ်လာခြင်းဖြစ်ကြောင်းလည်း လေ့လာဝေဖန်သုံးသပ်မှုများရှိသည်။

လက်ရှိ ထုတ်ပြန်ထားသည့် BNI-MPM၏ မှတ်တမ်းအရ တိုင်းနှင့် ပြည်နယ်အလိုက် လေ့လာဆန်း စစ်မှုတွင် ကရင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု ၇၃ ရက်ဖြင့် အများဆုံး ဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ရက်ပေါင်း ၇၀ ဖြင့် ဒုတိယ အများဆုံး တိုက်ခိုက်ခံခဲ့ရကာ လစဉ်အလိုက် တိုက်ခိုက်မှုအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း တိုက်ခိုက်မှုအများဆုံး ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် လက်ရှိ နောက်ဆုံး ကောက်ယူထားသည့် မှတ်တမ်းတွင် ယခုနှစ်ဦးပိုင်း ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုတွင် တိုင်းနှင့်ပြည်နယ် အားလုံးပေါင်းတွင် ရက်ပေါင်း ၂၅ ရက်ပြုလုပ်ထားကြောင်း BNI-MPM၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက် သေဆုံးမှု ၅၀၀ နီးပါး ရှိခဲ့ပြီး သိန်းနှင့်ချီသည့် ပြည်သူများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အချက်အလက် များအရ သိရသည်။