Home သတင်း ကျုံဒိုးတိုက်ပွဲဖြစ်စဉ်အကြား လူနေအိမ်များ လက်နက်ကြီးထိမှန်ပျက်စီးမှုနှင့် မီးလောင်မှုများဖြစ်ပွား

ကျုံဒိုးတိုက်ပွဲဖြစ်စဉ်အကြား လူနေအိမ်များ လက်နက်ကြီးထိမှန်ပျက်စီးမှုနှင့် မီးလောင်မှုများဖြစ်ပွား

919
Photo: CJ

ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးနယ် ဂျိူင်းမြစ်ဖက်ကမ်း ကမ်းနီ-ညောင်ရိပ်သာ၊ ကော့ကာ၊ သရက်တောကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များတိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း ကျေးရွာနေအိမ်များ လက်နက်ကြီးထိမှန်ပျက်စီးမှုနှင့် မီးလောင်မှုများ ဖြစ်ပွားနေသည်ဟု သိရ သည်။

ဇန်နဝါရီ ၂၂ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့ ကျုံဒိုးဒေသတိုက်ပွဲမှာ ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် ပိုမိုပြင်းထန်လာနေပြီး ကျေးရွာနေအိမ်များပေါ် စစ်ကောင်စီ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်မှု၊ နေအိမ်ထိခိုက်ပျက်စီး မှုများဖြစ်ပွားနေပြီး ဒေသခံရွာသားများတိုက်ပွဲလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ရွာသားများက ပြောသည်။

သရက်တောကျေးရွာသားတစ်ဦးက “စစ်တပ်လက်နက်ကြီးတစ်နေကုန်ပစ်ထုတ်နေတယ်၊ ကျုံဒိုး ၅၄၅/၅၄၆ တပ်ကပေါ့။ ပြီးတော့ ကျုံဒိုးဘက်ကမ်းကနေ သရက်တော၊ ညောင်ရိပ်သာရွာတွေဘက်ကို စစ်တပ်ပစ်တာ ရွာအိမ်တွေ ထိကုန်ပျက်ကုန်တယ်၊ ကမ်းနီကတော့ စစ်တပ် လက်နက်ကြီး ကျတာကြောင့် အိမ်တွေမီးလောင်တာ ၂ နေရာ ၃ နေရာလောက် ဖြစ်နေတယ်။ ကရင်အဖွဲ့တွေ ပစ်ခတ်တာကနေလည်း မီးလောင်တာရှိတယ် ပြောတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကျုံဒိုးမြိုနယ်ခွဲ ဂျိုင်းမြစ်တစ်ဘက်ကမ်း မွန်တိုင်းရင်းသား ကျေးရွာများဘက်တိုက်ပွဲ ဖြစ်ပွားနေမှုအား စစ်ကောင်စီတပ်စစ်ကူစစ်ကြောင်းများ ဖားအံမြို့ဘက်မှ ဂျိုင်းမြစ် ကူးတံတား၊ ကော့ကရိတ်-ဂျိုင်းတံ တားအနီးရောက်ရှိ စစ်အင်အားဖြည့်နေလျက်ရှိသည်ဟု မျက်မြင်အရပ်သားပြည်သူများက ပြောသည်။

ထို့အပြင် ဖားအံမီးသတ်ကယ်ဆယ်ရေး စက်လှေများဖြင့် ဟောင်သရောမြစ်၊ ဂျိုင်းမြစ် ဘက်မှလည်း ကောင်း၊ ကမ်းနီ၊ သရက်တော ရွာချင်းဆက်လမ်းမှ ရေကြောင်း၊ ကုန်းကြောင်းဖြင့် နယ်မြေရှင်းလင်း တိုက်ခိုက်မည့် သတင်းကြောင့် မွန်ကျေးရွာ ၅ ရွာခန့် ဂျိူင်းမြစ်တွင်းမှတစ်ဆင့် ဖားအံမြို့ဘက်နှင့် မော်လမြိုင်မြိုဘက်ရှိ မွန်ကျေးရွာများဘက် ထွက်ပြေးစစ်ရှောင်နေကြရကြောင်း သိရှိရသည်။

Photo: CJ

“မနက်က တိုက်ပွဲက ကမ်းနီရွာကို စစ်တပ်လက်နက်ကြီးပစ်နေတော့ ကျနော်တို့ ညောင်ရိပ်သာ၊ သရက်တောရွာတွေကလူတွေ ဖားအံအပိုင်က သံလှယ်တို့၊ ခယားတို့၊ ကော့လှိုက်၊ ကော့ကျိုက်တို့ဘက် စက်လှေတွေနဲ့ပြေးရှောင်နေရတယ်။ တစ်ချို့လည်း မော်လမြိုင်ဇာသပြင်ဘက် စက်လှေနဲ့ တက်ပြေး ကြတယ်။ တချိုက ကျုံဒိုးဘက်ကိုကူးပြီး ရပ်ကွက်ဘုန်းကြီးကျောင်းဇရပ်တွေ ကျောင်းအောက်တွေမှာ ရှောင်နေကြတယ်”ဟု ညောင်ရိပ်သာရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ကျုံဒိုးကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တောကျေးရွာဘက်သို့ ကျုံဒိုးအခြေစိုက် ၅၄၅/၅၄၆ တပ်မှ ယခုညပိုင်းအထိလက်နက်ကြီး ပစ်ခတ်သံများကြားနေရဆဲဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်ကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု၊ အရပ်သားထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ကျုံဒိုးဒေသတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

၎င်းအပြင် ကော့ကရိတ်တောင်ကြာအင်း ကျေးရွာဘက်တွင်လည်း ယနေ့ ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းတွင် တိုက်ပွဲပစ်ခတ်သံများ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲသံများ ကြားနေရကြောင်း ဒေသခံများ ပြောစကားအရ သိရပါသည်။