Home သတင်း KNU တပ်မဟာ (၄)နယ်မြေရှိ အရပ်သားများ ဆက်တိုက်သတ်ဖြတ်ခံနေရ၊ မည်သည့်အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း မထုတ်ဖော်နိုင်သေး

KNU တပ်မဟာ (၄)နယ်မြေရှိ အရပ်သားများ ဆက်တိုက်သတ်ဖြတ်ခံနေရ၊ မည်သည့်အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း မထုတ်ဖော်နိုင်သေး

1087
Photo: Kwekalu

ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) နယ်မြေ၊ ဘုတ်ပြင်း(လန်ကဆော) မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ ၂၀၃ လှုပ်ရှားနယ်မြေအတွင်း၌ ဇန်နဝါရီလ ၁၃ ရက်နေ့က အရပ်သား ၈ ဦးအသတ်ဖြတ်ခံရပြီးနောက် ၁၅ ရက်နေ့တွင် နောက်ထပ် ၂ ဦးထပ်မံ သတ် ဖြတ်ခံရကြောင်း ဒေသတွင်းအခြေစိုက် ကွယ်ကလူသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ အရပ်သား ၈ ဦးအပြင် လက်ရှိ ထပ်မံအသတ်ခံရသည့် အရပ်သား ၂ ဦးသည် ဒေသအခေါ် ယွာဟေလူ ဒေသခံများဖြစ်ပြီး ၎င်းတို့ကို ဗိုလ်ချုပ်ကြီးစောနယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေ(KTLA) တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကွယ်ကလူသတင်းဌာနမှ အသတ်ခံရသည့် ဒေသခံများ၏နာမည်နှင့်တကွ ရေးသားဖော်ပြထားသည်။

၎င်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး KTLA ပြန်လည်ဖွဲ့စည်းခဲ့သူ ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြမှ ၎င်းတို့ တပ်ဖွဲ့ဝင်များ ပြုလုပ်ခြင်းမဟုတ်ကြောင်း ပြောဆိုထားသလို ၎င်းဖြစ်စဉ်ဖြစ်ပွားရာ နယ်မြေတွင် လှုပ်ရှားနေသည့် KTLA ဆာကဆောတပ်မမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးကလည်း ၎င်းတို့ တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခြင်းမဟုတ်ကြောင်း ယခုလို ပြောသည်။

“အဲ့ကိစ္စက ကျနော်တို့ တပ်ဖွဲ့ဝင်တွေတောင် မသိဘူး။ ကျနော့်တပ်ဖွဲ့ဝင်တွေ လုပ်တာမှ မဟုတ်တာ။ အဲ့သ တင်းတော့ ကြားမိတယ်။ ကျနော်တို့က ပြည်သူတွေအတွက် ငြိမ်းချမ်းရေးရဖို့ တိုက်နေကြတာ၊ ပြည်သူ တွေကို သတ်စရာလား။ အဲ့ဒီ ဖြစ်စဉ်နေရာကလည်း ကျနော်တို့ နေတဲ့ နေရာတဲ့ အဝေးကြီးပဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ ဒေသတွင် အဖွဲ့အစည်းအများအပြား လှုပ်ရှားရာဒေသဖြစ်နေပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကေအဲန်ယူ တပ်မဟာ(၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များလည်းရှိနေပြီး ကွယ်ကလူသတင်းဌာန၏ ရေးသားဖော်ပြမှုမှလည်း တိကျသေချာမှုမရှိသလို KTLA ကို အမည်ဖျက်လိုသူများလည်းရှိနေကြောင်း ၎င်းအမည်မဖော်လိုသည့် တာဝန်ရှိသူက ဆက်ပြောသည်။

ကွယ်ကလူ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာ၏ သတင်းဖော်ပြချက်အရ ဇန်နဝါရီလ ၁၅ ရက်နေ့က အသတ်ဖြတ်ခံရသည့် အရပ်သား ၂ ဦး မှာ ယွာဟေလူ ဒေသခံ ဦးသာဒူနှင့် ကျေးရွာလူကြီးဟောင်း ဦးအောင်ဖေတို့ဖြစ်ကြောင်း နှင့် ၁၃ရက်နေ့က အသတ်ဖြတ်ခံရသည့် အရပ်သား ၈ ဦးမှာ ကိုဇော်ဝမ်း၊ ကိုဉာဏ်ဝင်း၊ ကိုဟန်ထူး၊ ကိုထွေး၊ ကိုအပိုင်၊ မလွမ်းပိုတို့ဖြစ်ပြီး ကျန်နှစ်ဦး၏ နာမည်ကိုမူ မသိရသေးကြောင်း အသေး စိတ်ဖော်ပြထားသည်။

ထိုသို့ အရပ်သားအသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေခံ ကေအဲန်ယူ တပ်မဟာ (၄) တာဝန်ရှိ သူများကို ဆက်သွယ်မေးမြန်းရာ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလော်စိုးဝင်းက အဆိုပါကိစ္စကို သေချာ မသိရသေးကြောင်း ပြန်လည်ဖြေကြားပြီး အသေးစိတ်ကိုမူ ပြောဆိုခြင်းမရှိသေးပေ။

သတ်ဖြတ်ခံထားရသည့် အရပ်သားများကို ဒလန်ဟုစွပ်စွဲ ပြောဆိုထားမှုများရှိသလို ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသည့် ထိုသတ်ဖြတ်မှု ဖြစ်ပွားရာဒေသတွင် KNU အပြင် အခြားသောလက်နက်ကိုင်အုပ်စုများလည်း လှုပ်ရှားရာနေရာဖြစ်ပြီး အရပ်သားသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းက ပြုလုပ်ခဲ့ကြောင်းကိုမူ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း တွေ့ရသည်။

အဆိုပါ အရပ်သားများ သတ်ဖြတ်ခံရမှုအပေါ် စွပ်စွဲဖော်ပြခံရသည့် KTLA အဖွဲ့သည် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) မှ ခွဲထွက်၍ ပြောင်းလဲဖွဲ့စည်းလိုက်သည့် အဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့သည် စစ်ကောင်စီကို ဆက်လက် လက်နက်ကိုင်တော်လှန်နေသလို ၎င်းတို့ သီးခြားရပ် တည်မှုနှင့်ပတ်သက်ပြီး နယ်မြေခံ KNUနှင့် မကြာခဏဆိုသလို ပဋိပက္ခဖြစ်ပွားမှုရှိပြီး အပြန်အလှန် စွပ်စွဲပြောဆိုမှုများ လည်း ပြုလုပ်ကြလေ့ရှိသည်။