Home သတင်း ကော့ကရိတ်ဒေသအတွင်းရှိ အိမ်မွေးတိရစ္ဆာန်များကို အရှုံးခံရောင်းထုတ်နေရ

ကော့ကရိတ်ဒေသအတွင်းရှိ အိမ်မွေးတိရစ္ဆာန်များကို အရှုံးခံရောင်းထုတ်နေရ

941

ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့အနီးရှိ ကျေးရွာများတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများသည် ၎င်းတို့မွေးမြူထားသော ကျွဲ၊ နွား စသည့် အိမ်မွေးတိရစ္ဆာန်များကို အရှုံးခံ၍ ရောင်းထုတ်နေရကြောင်း စစ်ရှောင်ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့အနီးရှိ ကော့နွဲကျေးရွာ အုပ်စုနှင့် မောင်းမကျေးရွာအုပ်များတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားမှုအတွင်း အိမ်မွေးတိရစ္ဆာန် အများအပြား ထိခိုက်သေဆုံးမှုရှိကာ ပြီးခဲ့သည့် ဒီဇင်ဘာလလ ၁၆ရက်နေ့တွင် တကျော့ပြန် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသဖြင့် ရွာရှိ အိမ်မွေးတိရစ္ဆာန်များကို မထိန်းသိမ်းနိုင်တော့၍ ရသည့်စျေးနှုန်းဖြင့် အရှုံးခံရောင်းထုတ်လိုက်ရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဒီတစ်ကြိမ်တိုက်ပွဲက ပိုကြီးတယ်။ လက်နက်ကြီးတွေအဆက်မပြတ်ရွာထဲကျတော့ နေအိမ်တွေ ကျွဲ၊ နွားတွေ အများအပြားထိခိုက်သေဆုံးတယ်။ ရွာသားတွေလည်း တိမ်းရှောင်ရတာ အခု ထိရွာပြန်လို့မရသေးဘူး။ ပြေးနေရတာ ကျွဲ၊ နွားတွေလည်း ကြည့်မအားဘူ။ ရွာအပြင်မှာကျွဲ၊ နွားတွေ အစာထွက်စားတာတွေ့ရင်ဖမ်းပြီး ရတဲ့ဈေးနဲ့အရှုံးခံပြီးရောင်းလိုက်ရတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ကော့ကရိတ်ဒေသခံ ကျေးရွာသူ/သားများသည် တစ်နိုင်တစ်ပိုင် မွေးမြူရေးနှင့်ခြံ၊ လယ်ယာလုပ်ငန်းဖြင့်သာ အဓိက အသက်မွေးဝမ်းကျောင်းပြုကြပြီး ဒေသတွင်း ပြန်လည် ပြင်းထန်လာသည့် တိုက်ပွဲကြောင့်ထိခိုက်ဆုံးရှုံးမှုများပြား၍ မိသားစု ရပ်တည်ရေးနှင့် စားဝတ်နေရေးအတွက် စိုးရိမ်နေကြရကြောင်း ကျေးရွာဒေသခံများက ပြောသည်။

“ကျနော်တို့ရွာသားတွေက ကျွဲ၊ နွားတွေ မွေးမြူတာ၊ ခြံတွေလယ်တွေလုပ်စားတာပဲ အဓိက လုပ်ကြတယ်။ အခုလို တိုက်ပွဲကြောင့်ကျွဲ၊ နွားတွေ ခြေ၊ လက်ကျိုးတာရှိတယ်။ သေတာလည်းရှိတယ်။ ဒီလိုဖြစ်တဲ့ ပိုင်ရှင်ကလည်း စိတ်ထိခိုက်ပြီး ငိုတာရှိတယ်။ ကျနော်လည်း မျက်ရည်ကျတယ်။ ကျနော့်မှာ နွား ၁၆ ကောင်ရှိတာ ၈ ကောင်ပဲပြန်တွေ့တယ်။ အရင်ကသိန်း ၂၀တောင်းဝယ်တဲ့ နွားထီတစ်စုံကို အခု ၁၁ သိန်းပဲရောင်းလို့ရတယ်”ဟု ကော့ကရိတ် တောင်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာ အုပ်စုနှင့် မောင်းမကျေးရွာအုပ်စုတို့တွင် လွန်ခဲ့သည့် ၂ နှစ်ကျော်( စစ်အာဏာမသိမ်းခင်)တွင် ကျွဲ၊ နွားများ အကောင်ရေ ၈၀၀ ကောင်ဝန်းကျင်ရှိပြီး ယခုအချိန်တွင်မူ အကောင်ရေ ၁၀၀တောင် မရှိတော့ကြောင်း ဒေသတွင်း ကျွဲ၊ နွား ရောင်းဝယ်သူများက ပြောသည်။

“တိုက်ပွဲကြောင့် မွေးမြူလို့ အခက်အခဲရှိတယ်။ လမ်း‌ကြောင်းခက်ခဲတော့ ကျနော်တို့လည်း တစ်ဆင့်ပြန် ရောင်းတာ ဈေးမရဘူး။ ရွာသားတွေကလည်း သူတို့နွားတွေ ရှုံးမယ့်တူတူ ရသလောက် ဆေးဖိုးဝါးခ၊ အသုံးစရိတ်အတွက် ရတဲ့ဈေးနဲ့မြန်မြန်ရောင်းချင်ကြတယ်”ဟု ဒေသတွင်း ကျွဲ၊ နွား ရောင်းဝယ်သူ တစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ တဖြည်းဖြည်းပြင်းထန်လာပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကျွဲ၊ နွားများ စသည့် အိမ်မွေးတိရစ္ဆာန်အများအပြား ထိခိုက်သေဆုံးခဲ့ရဟု စစ်ရှောင်ဒေသခံပြည်သူများက ပြောသည်။

အသက်မသေဘဲ ထိန်းကျောင်းမည့်သူမရှိသည့် ကျွဲ၊ နွားတိရစ္ဆာန်များကို ပစ်ခတ်မှုမရှိသည့်ရက်တွင် ဒေသခံစစ်ရှောင်များက လိုက်လံဖမ်းဆီးမှုလုပ်ဆောင်ပြီး ရသည့်ဈေးနှုန်းဖြင့် ရောင်းထုတ်လိုက်ကြခြင်းဖြစ်သည်ဟု သိရသည်။