Home သတင်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ကား ၆ စီးဆင့်တိုက်မှုဖြစ်ပွားပြီး ၃ ဦးဒဏ်ရာရရှိသွားခဲ့

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ကား ၆ စီးဆင့်တိုက်မှုဖြစ်ပွားပြီး ၃ ဦးဒဏ်ရာရရှိသွားခဲ့

1028
Photo: Crd.

ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးရှိ တောနော်ရေတံခွန်အနီး နတ်စင်ကွေ့ အပေါ်ဘက်ခြမ်းတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က ကား(၆) စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားပေါ်ပါ လာသည့် ခရီးသည် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ (၆)ဘီးကားတစ်စီးသည် အန်စာတုံးယာဉ်ငယ်တစ်စီး၏ အနောက်ဘက်ခြမ်းကို တိုက်မိပြီး အဆင့်ဆင့်ဝင်တိုက်မိရာမှ နောက်ဆုံး (Probox)ကားတစ်စီးကို တိုက်မိရာတွင် ကားပေါ်ပါလာသည့် ခရီးသည်(၂)ဦးနှင့် အခြားကားပေါ်ရှိ ခရီးသည်(၁)ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ပုလဲလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ ကေအိုင်စီသို့ ယခုလို ပြောသည်။

“ပထမဆုံးဆင်းဆင်းလာချင်းမှာ နတ်စင်ကွေ့အပေါ်ဘက်ခြမ်းမှာ ပထမဆုံးသူတိုက်ထည့်တာ အန်စာတုံးယာဉ်ရဲ့ အနောက်ဘက်ခြမ်းပေါ့။ အဲ့အနောက်ဘက်တိုက်တော့ ကားပေါ်က လူတွေဘာမှ မဖြစ်ဘူး။ တတိယမြောက် တိုက်တဲ့ (Probox) ယာဉ်ပေါ်ပါတဲ့ နှစ်ယောက်ပေါ့နော် အဲ့ဒီမှာနှစ်ယောက်ထိတယ်။ နောက်တစ်စီးက တစ်ယောက်ထိတယ်။ ဆိုတော့ အားလုံးပေါင်းမှ လူနာ (၃)ယောက်ပဲ ရှိတယ်။ အသေအပျောက်မရှိပါဘူးလို့။ လူနာတွေကတော့ ကော့ကရိတ်ဆေးရုံမှာ အခြေအနေကောင်းတယ်လို့ သိရတယ်။”ဟု ပြောသည်။

ထို့နောက် မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီး နတ်စင်ကွေ့အပေါ်ဘက်ခြမ်းတွင် ကား(၆)စီးဆင့် တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တာဝန်ရှိသူများရောက်ရှိလာပြီး ထိုလမ်းပိုင်းရှိ ကားများကိုဖယ်ရှားကာ ညနေ(၆)နာရီအချိန်တွင် ပြန်လည်ဖြတ်သန်းသွားလာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ ဆင့်တိုက်မှုဖြစ်စဉ်တွင် ကုန်တင်ယာဉ် ၆ ဘီးကားတစ်စီး၊ ခရီးသည်တင် Probox တစ်စီး၊ (GI Express) မှန်လုံတစ်စီး၊ မှန်လုံ Light Truck တစ်စီး၊ အန်စာတုံးကားတစ်စီး နှင့် ၁၂ ဘီးယာဉ် ကုန်ကားတစ်စီးတို့ ပါဝင်သည်။

အလားတူ ယခင်နှစ် နိုဝင်ဘာလ(၉)ရက်နေ့တုန်းကလည်း မြဝတီမြို့မှ ဆင်းလာသည့် ခရီးသည်တင် အန်စာတုံး ကားတစ်စီးသည် အာရှလမ်းမ၏ တောနော်ရေတံခွန်ရှိ ကွန်ကရစ်အုတ်ခုံကို တိုက်မိ၍ တိမ်းမှောက်သွားပြီး ယာဉ်ပေါ်ပါ ခရီးသည်၇ ဦးသေဆုံးခဲ့ဖူးသေးသည်။