Home သတင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ

678

ဇန်နဝါရီ ၂၄ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) မွန်-ကရင်နယ်စပ် ဇီးနှစ် ပင်ရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသည့် လူငယ် ၁ ဦးနှင့် အနီးအနားရှိ ရွာခံအမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ရွာသားများထံမှ သိရသည်။

ဝင်းရေးမြို့နယ်၊ နန်းခွီကျေးရွာနေ စောလခလဲနှင့် ၎င်း၏ သူငယ်ချင်းတစ်ဦးသည် ဆိုင်ကယ်ကိုယ်စီဖြင့် မွန်ကရင်နယ်စပ် ဇီးနှစ်ပင်ရွာအနီးတွင် ဖြတ်သန်းသွားစဉ် လမ်းမဝဲယာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်ကြောင်းက လှမ်းပစ်ခတ်ခဲ့သည့်အတွက် စောလခလဲအား ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သလို အနီးအနားရှိ အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “ဆိုင်ကယ်တစ်ယောက်တစ်စီး မောင်းသွားပြီး ဇီးနှစ်ပင်ရွာအကျော်လောက်မှာ ကင်းပုန်း ဝပ်နေတဲ့ စစ်တပ်က လှမ်းအော်တယ်။ သူတို့ကြောက်ကြောက်နဲ့ ဆက်မောင်းနေရင်း ဟိုကလှမ်းပစ်တာ စောလခလဲရဲ့ နားရွက်အုံ အနားမှာ ကျည်ထိမှန်သွားတယ်။ သူ့ကိုမြို့ပေါ် ဆေးကုသပေးဖို့ စစ်တပ်က ပေးမသွားဘူး။ ဆိုင်ကယ်တော့ ပြန်ပေးတယ်။ အခုအရေးပေါ်ကုသမှုခံယူထားရတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လှမ်းပစ်ခတ်မှုတွင် အနီးအနားရှိ ဇီနှစ်ပင်ရွာနေ အမျိုးသမီးတစ်ဦးလည်း တင်ပါးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေး၍ လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံရွာသား များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် မွန်ကရင်နယ်စပ် ရွာတစ်ရွာဖြစ်သည့် သံပုရာရွာအနီး ကင်းပုန်းဝပ်နေကာ ခရီးသွားလာသူများအား ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် အမျိုးသမီးအပါအဝင် အမျိုးသား ၁ဝ ဦးကျော်အား ဖမ်းဆီးရိုက်နှက်ထိုးကြိတ်မှုကြောင့် ဒဏ်ရာအသီးသီးရရှိသွားသေးဟု ရိုက်နှက်ခံရသည့် ရွာသားများကိုယ်တိုင်က ပြောသည်။

KNU ဝင်းရေးမြို့နယ် တောင်စွန်းရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူး ပေါင်းတပ်တို့ ယခုလ ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်အထိ နှစ်ဖက်ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ဘုရားသုံးဆူ သံဖြူဇရပ်လမ်းမကြီးအား ဖြတ်သန်းသွားလာမှု တားမြစ်ထားလိုက်သည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဆင်ပြေး၊ တောင်စွန်းနှင့် ကျားမီးတို စသည့်ကျေးရွာများရှိ စစ်ဘေးရှောင်နေကြသည့် ဌာနေလူထုများ၏နေအိမ်များအား လိုက်လံရှာဖွေမွှေနှောက်ဖျက်ဆီးမှု ပြုလုပ်လျက်ရှိပြီး လူနေအိမ်ရှိ လူသုံးကုန်ပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများလည်း ယူဆောင်သွားကြကြောင်း ဒေသခံလူထုများထံမှ သိရသည်။