Home သတင်း အာရှလမ်းသစ် တိုက်ပွဲပြင်းထန်နေသဖြင့် မြ၀တီ-ဖားအံအသွားအလာနှင့် ကုန်စည် စီးဆင်းမှု ထို့ကော်ကိုးလမ်းပိုင်းမှ သွားလာနေကြရ

အာရှလမ်းသစ် တိုက်ပွဲပြင်းထန်နေသဖြင့် မြ၀တီ-ဖားအံအသွားအလာနှင့် ကုန်စည် စီးဆင်းမှု ထို့ကော်ကိုးလမ်းပိုင်းမှ သွားလာနေကြရ

1454
Photo: CJ

ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေ၍ မြ၀တီ-ကော့ကရိတ်အာရှလမ်းသစ်လမ်းပိုင်း ပိတ်ထားရသည့်အတွက် မြ၀တီ-ထို့ကော်ကိုး-ကျုံဒိုးလမ်းပိုင်းမှ ကုန်စည်နှင့်ဒေသခရီးသွားကားများ သွားလာ နေကြရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေမှ စတင်ဖြစ်ပွားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တိုက်ပွဲများကြောင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ်အား အသွားအလာ ပိတ်ထားရသည့်ကာလအတွင်း ဒေသတွင်းခရီးသွားလာမှုနှင့် ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှုလမ်းကြောင်းမှာ ထို့ကော်ကိုး ကျေးလက်တောင်ပတ်လမ်းအား ပြောင်းလဲအသုံးပြု သွားလာနေရခြင်းဖြစ်ကြောင်း ဒေသခံ ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။

“အာရှလမ်းရော ကျုံဒိုး ၇ တိုင်ရွာဘက်ရော၊ တံတားတွေ ပျက်နေတယ်၊ တိုက်ပွဲကလည်း ဖြစ်နေတယ်၊ ကားတွေ ဆင်းမရတော့ လူတွေရော၊ ကုန်တွေရော သွားဖို့ ခက်နေတယ်။ အခုတော့ ထို့ကော်ကိုးကနေ၊ ထီလုံဘက်၊ အဲ့ကနေ ဖားအံကို သွားတယ်၊ တချို့လည်း ထို့ကော်ကိုးကနေ ကျုံဒိုး၊ ကျားကလေး -မော်လမြိုင်သွားကြတယ်၊ လမ်းမှာတော့ လက်နက်ကိုင်ဂိတ်တွေကတော့ လမ်းကြေးပေးရ တယ်။ လမ်းကတော့ လမ်းကြမ်းတစ်၀က်၊ ကွန်ကရစ်လမ်းခင်းလက်စ တစ်၀က်နဲ့ မောင်းရတယ်” ဟု မြ၀တီ ဖားအံယာဉ်မောင်းသမားက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ရက် နံနက်ပိုင်းအထိ ကော့ကရိတ် အာရှလမ်းမအနီးကော့နွဲ ကျေးရွာနှင့်အနီး တဝိုက်ဒေသအတွင်း KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် စစ်ကြောင်းများအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့်အတွက် အာရှလမ်းမသစ်အား ကားနှင့် ကုန်စည်သွားလာ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်ဒေသအတွင်းသို့ စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် လေကြောင်းဖြင့် နေ့စဉ်စစ်ကူပေးပစ်ခတ်တိုက်ခိုက် ဗုံးကြဲမှုများ၊ လက်နက်ကြီးပစ်ခတ်သည့် စစ်တပ်စစ်စခန်းများမှ လက်နက်ကြီးများပစ်ကူပေးပစ်ခတ်မှုများလုပ်ဆောင်တိုက်ခိုက်နေသည့်အတွက် ဒေသကျေးရွာ ၁၅ ရွာခန့်မှ နေအိမ်ခြံနှင့် သီးနှံစိုက်ခင်းများ၊ ဘုန်းကြီးကျောင်းများ ပျက်စီးဆုံးရှုံးမှုအများအပြား ပျက်စီးခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးအစမှန်ဒဏ်ရာဖြင့် သံဃာ ၁ ပါးအပါအဝင် ဒေသခံအရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရှိထားကြောင်း ဒေသတွင်း ပြုစုထားသည့်စာရင်းအရ သိရသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ဆင်ရေးလုပ်ဆောင်တိုက်ခိုက်နေမှုကြောင့် ဖားအံ- လှိုင်းဘွဲ-မြိုင်ကြီးငူလမ်းပိုင်းနှင့် ဖားအံ-ကျုံဒိုး လမ်းပိုင်း ၂ ခုသာ လမ်းပန်းဆက်သွယ်ရေး အသွားအလာရသည့် အခြေအနေရှိနေသည်။

ထို့အတူ ၉ တိုင်-တောင်ကြာအင်း- ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းပိုင်း ၊ မြ၀တီ -ဝေါလေ လမ်းပိုင်း၊ ကော့ကရိတ် -မြ၀တီ လမိးပိုင်း ၊ ဝါးပိုးတော -ကမမောင်း-ကတိုင်တိ-ဖာပွန်လမ်းပိုင်း၊ တောင်ငူ-သံတောင်-လိပ်သိုလ်-ယာဒိုလမ်းပိုင်းများသွားလာ ဆက်သွယ်ရေး ပြတ်တောက် ရပ်ဆိုင်းသွားလာမရ ဖြစ်နေသည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀များ ပိုမိုခက်ခဲကြုံတွေ့ နေကြရကြောင်း စစ်ရေးနယ်မြေအတွင်း စစ်ဘေးရှောင်အရေးကူညီလုပ်ဆောင်နေသူများ ပြောစကားအရ သိရသည်။