ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့အနီးရှိ မောင်းမရွာသစ်ကျေးရွာတွင် ယနေ့နံနက် ၇ နာရီခွဲဝန်းကျင်က ငါးထွက်ရှာသည့် ဒေသခံရွာသားတစ်ဦးအား စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသွား ကြောင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်မှ မောင်းမရွာသစ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် နွားလိုက်ရှာသည့် အဆိုပါ ရွာသားအား ရွာအပြင်တစ်နေရာ၌ ထိပ်တိုက်ဆုံစဉ် ထိုသို့ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ယခုလို ပြောသည်။
“စစ်ကောင်စီတပ်တွေတက်လာတာ ဘယ်သူမှမသိဘူး။ အဲဒီမှာ ငါးလိုက်ရှာတဲ့ ရွာသားတစ်ဦး ကိုတွေ့တော့ ပစ်ထည့်လိုက်တယ်။ ပစ် လိုက်တာတော့ အချက်များတယ်။ လက်ပဲထိပြီး ထွက်ပြေးလာတယ်။ အခုတော့ဆေး ရုံပို့လိုက်ပြီး”ဟု ထိုရွာသားက ကေအိုင်စီသို့ပြောသည်။
ရွာသားပစ်ခတ်ခံရပြီးနောက် အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
“ ရွာသစ်ကော၊ ကော့နွဲဘက်တွေကော တိုက်ပွဲတွေပြင်းထန်နေတယ်။ အခုထိပစ်နေတုန်းပဲ။ လက်နက်ကြီးလည်း အဆက်မပြတ်ပစ်နေတယ် ”ဟု ကော့ကရိတ်တောင်ပိုင်း ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် နံနက် ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ၃ ကြိမ်ထက်မနည်း လာရောက်ပစ်ကူပေးနေကြောင်းလည်း ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့နှင့်အနီးအနားကျေးရွာများတွင် ဒီဇင်ဘာလ ၁၆ ရက်မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် ရဟန်းသံဃာအပါအဝင် ဒေသခံ ၃ ဦးသေဆုံးခဲ့ရပြီး ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြုစုထားသည့် စာရင်းအရ သိရသည်။
ထို့အပြင် လူနေအိမ်အဆောက်အအုံနှင့် အိမ်မွေးတိရစ္ဆာန်များ အမြောက်အများလည်း ထိခိုက်ပျက်စီး၊ သေဆုံးခဲ့သလို ဒေသခံထောင်ချီလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။



















