Home သတင်း ဘန့်ဒုံယမ်းဒုက္ခသည်စခန်း မီးလောင်မှုဖြစ်၍ နေအိမ် ၃၂လုံးပျက်စီးကာ လူ ၁၀၀ ကျော် မီးဘေးသင့်

ဘန့်ဒုံယမ်းဒုက္ခသည်စခန်း မီးလောင်မှုဖြစ်၍ နေအိမ် ၃၂လုံးပျက်စီးကာ လူ ၁၀၀ ကျော် မီးဘေးသင့်

1051
Photo: BDY Camp

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ဘန့်ဒုံယမ်း ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ဒီဇင် ဘာလ ၂၅ ရက်နေ့က ရပ်ကွက်(D) ထဲတွင် မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ၃၂ လုံးမီးလောင်ကာ လူ ၁၀၀ ကျော် မီးဘေးသင့်ခဲ့ရသည်ဟု စခန်းတာဝန်ခံက ပြောသည်။

မီးလောင်ကျွမ်းခံရသွားသည့် နေအိမ် ၃၂ လုံးထဲမှ ၂၁ လုံးမှာ လုံးဝပြာကျသွားခဲ့သလို ကျန်ရှိသည့် နေအိမ် ၁၁လုံးလည်း ခေါင်မိုးနှင့် အကာအချို့ကိုသာ မီးလောင်ပျက်စီးသွားသော်လည်း အမိုးများပြန် လည်ပြင်ဆင်ရန် ဖက်နှင့်ဝါးများ လိုအပ်နေသည်ဟု ဘန့်ဒုံယမ်းစခန်းတာဝန်ရှိသူ စောထူးဟန်က ပြောသည်။

၎င်းက “ မီးလောင်တာက နေ့လယ်အချိန်ဖြစ်တယ် ခရစ်စမတ်နေ့ဖြစ်တော့ အားလုံးက ဘုရား ကျောင်းမှာရှိတယ်။ ကံကောင်းလို့ ဒဏ်ရာရရှိသွားတာတွေတော့ မရှိဘူး။ နေအိမ်အလုံး၂၀ ကျော်က အကုန်ဘာမှ မရဘူး အကုန်ပြာကျသွားတယ်။ ၁၁လုံးက မီးကူးပြီး ခေါင်မိုးတွေတော့ နည်းနည်း မီးလောင်သွားတာရှိတယ်။ သစ်တို့ ဝါးတို့ အကူအညီရောက်ရင် နှစ်ရက်၊ သုံးရက်လောက်ဆိုရင် ကျနော်တို့ စခန်းက လူတွေသွားဝိုင်းကူဆောက်ရင် ခဏပဲပြီးသွားမှာ”ဟု စခန်းတာဝန်ရှိသူ စောထူး ဟန်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မီးဘေးသင့် ဒုက္ခသည်စခန်းနေ ပြည်သူများ၏ ပြန်လည်ထူထောင်ရေးနှင့် နေအိမ်များပြန်လည် ဆောက်လုပ်နိုင်ရန်အတွက် စခန်းအတွင်းရှိ နေထိုင်သူများ ဝိုင်းဝန်းပံ့ပိုးကူညီမှုအပြင် လူမှုအဖွဲ့ အစည်းနှင့် ထိုင်းအာဏာပိုင်တို့လည်း ကူညီဆောင်ရွက်ပေးမှုများ လုပ်ဆောင်နေကြောင်း ဘန့်ဒုံယမ်း စခန်းတာဝန်ရှိသူ စောထူးဟန်က ဖြည့်စွက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းထဲရှိ နေအိမ်အဆောက်အဦးအများစုသည် ဖက်နှင့်သာမိုးထားပြီး ဝါးဖြင့် အကာဆောက်ထားသည့် နေအိမ်များဖြစ်သည်။ ယခုလို နွေဦးကာလရောက်တိုင်း ဘန့်ဒုံယမ်းဒုက္ခသည်အပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းများတွင်လည်း မီးလောင်မှုမကြာခဏ ဖြစ်ပွားလေ့ရှိခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ဒုက္ခသည်စခန်း (၉)ခုရှိသည့်အနက် ဘန့်ဒုံယမ်းစခန်းသည် လူဦးရေ အနည်းဆုံးဖြစ်ကာ နယ်စပ်ရှိ ဒုက္ခသည်များအား ခြေခံစားနပ်ရိက္ခာများ ထောက်ပံ့မှုပေး နေသည့် The Border Consortium – TBC အဖွဲ့အစည်း၏ ၂၀၂၂ခုနှစ် ထုတ်ပြန်ထား ချက်အရ ဘန့်ဒုံယမ်းဒုက္ခသည်စခန်းတွင် လူဦးရေ ၂,၀၀၀ ကျော် ခိုလှုံလျက်ရှိသည်။

Photo: BDY Camp