Home သတင်း ငွေဆောင်မြို့၊ အမှတ်(၄)လမ်းဟောင်းဘေးရှိ နေအိမ်များအား စစ်ကောင်စီ ဖိအားပေးဖျက်ခိုင်းနေ

ငွေဆောင်မြို့၊ အမှတ်(၄)လမ်းဟောင်းဘေးရှိ နေအိမ်များအား စစ်ကောင်စီ ဖိအားပေးဖျက်ခိုင်းနေ

1266
Photo: CJ

ဒီဇင်ဘာ ၂၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း၊ ငွေဆောင်မြို့နယ်ရှိ ဂေါ်ရန်ဂျီကျွန်းအထိ ပေါက်ရောက်သော အမှတ်(၄)ရပ်ကွက်လမ်းဟောင်း၏ လမ်းအလယ်မျဉ်းမှစ၍ လမ်းဘေးဝဲယာ စုစုပေါင်းပေ(၁၅၀)အတွင်းရှိသော နေအိမ်များနှင့် ဆိုင်ခန်းများအား တစ်ပတ်အတွင်းဖျက်ပေးရန် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်ခေါင်းများမှ လိုက်လံပြောကြားထားပြီး ငုတ်ရိုက်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လမ်းဘေးဝဲယာရှိ နေအိမ်များကို ဖျက်ပေးရန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က သက်ဆိုင်ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေး တာဝန်ရှိသူများက ငုတ်များလာစိုက်နေကြပြီး အိမ်များကို ကိုယ်တိုင် မဖျက်ပါက ဘူဒိုဇာဖြင့် လာဖျက်လျှင် ဖျက်ခပါ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အမှတ်(၄)ရပ်ကွက်ကိုတော့ ဒီဇင်ဘာ (၁၇)ရက်နေ့ စနေနေ့က ကျမတို့ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး တွေဦးဆောင်ပြီး ငုတ်လာစိုက်သွားတယ်။ သတ်မှတ်ပေအတွင်းမှာရှိတဲ့ ဆိုင်တွေအိမ်တွေ ဒီတစ်ပတ်အတွင်း အပြီးဖျက်ပေးရမယ်တဲ့။ မဖျက်ပေးရင် ဘူဒိုဇာနဲ့ကော်ပြီးဖျက်မယ်ပြောတယ်။ ကိုယ့်အိမ် သူတို့ဖျက်တဲ့ အဖိုးအခကို အိမ်အကြီးအသေးပေါ် မူတည်ပြီး ကျပ်တစ်သိန်းကနေ သုံးသိန်းအထိ ပေးရမယ်ကြားတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ပုသိမ်-ငွေဆောင်လမ်းမကြီးပေါ်တွင်ရှိသော တလပ်ခွာကျေးရွာတွင်လည်း ၎င်းတို့၏ သတ်မှတ်ပေအတွင်းရှိသော အိမ်ခြေများအား ဖျက်သိမ်းပြီးဖြစ်ကြောင်းနှင့် ထိုသို့ဖျက်သိမ်းခံရသည့်အတွက် ဒေသခံများအား ​လျော်ကြေးပေးဆောင်ခြင်း၊ တာဝန်ခံခြင်း တစ်စုံတရာမရှိကြောင်းလည်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

Photo: CJ

ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် ဘူးကွဲကြီး၊ ညောင်မော်၊ ခြောက်ချောင်း၊ ဂျိုင်လယ် အစရှိသောကျေးရွာ များရှိနေပြီး အဆိုပါ လမ်းချဲ့ထွင်မည့် အမှတ်(၄)လမ်းဟောင်း၏ လမ်းဘေးဝဲယာတွင် လူနေအိမ်များ၊ ဆိုင်ခန်းများသာမက ဟိုတယ်နှင့်ကုမ္ပဏီများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

အမှတ်(၄)ရပ်ကွက်ရှိ နောက်ထပ်ဒေသခံတစ်ဦးက ” ကျနော်တို့ရွာသားတွေ ငုတ်လိုက်စိုက်တဲ့ အုပ်ချုပ်ရေးမှူး ကိုသွား မေးတော့ သူတို့လည်း ဘာမှမလုပ်တတ်ဘူးလို့ပြောတယ်။ သတ်မှတ်ပေထဲပါတဲ့ ကုမ္ပဏီတွေကို တချက် စောင့်ကြည့်ပေါ့တဲ့။ ကုမ္ပဏီတွေပါဖျက်ရရင်တော့ သူတို့လည်း ဘာမှမတတ်နိုင်ဘူးတဲ့။ တစ်ပတ် အတွင်းလို့ လည်း ပြောထားတော့ ကျနော်တို့ရွာခံတွေက အခုအဲ့ဒါကိုပဲ တချက်စောင့်ကြည့်နေကြတယ်။ ဘယ်သူမှ မဖျက်ကြသေးဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

ယခင် NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ် ဂွမြို့မှ ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်းအထိ ကမ်းခြေပတ်လမ်းဖောက်ရန် လျာထားချက်ရှိဖူးသော်လည်း ယခုကဲ့သို့ လူနေအိမ်ခြေများသော ရွာလမ်းမှ ဖောက်ရန်နှင့် လူနေအိမ်မရှိသော လယ်ကွင်းလမ်းများမှ ဖောက်ရန်ဟူ၍ တိတိကျကျမစီမံရသေးကြောင်း၊ ရွာလမ်းမှ လမ်းချဲ့ထွင်ဖြစ်ပါကလည်း ဒေသခံများအား လက်ရှိမြေပေါက်ဈေးနီးပါး ​လျော်ကြေးပေးရန်နှင့် ရွာသားများလက်ခံ၊မခံ ညှိနှိုင်းမှုများလုပ်ဆောင်ဦးမည်ဟု ကြားမိကြောင်း ဒေသခံများက ပြောသည်။