ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးရှိ တောနော်ရေတံခွန်အနီးတွင် ဒီဇင်ဘာလ(၁၈)ရက် နေ့လည်(၁၁)နာရီအချိန်မှစ၍ တံတားအောက်ခြေတိုင်များ ပျက်စီးနေသောကြေင့် ကားများ ယနေ့အချိန်ထိ ပိတ်မိ နေဆဲဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့က ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုန်ကားများနှင့် ခရီးသည် တင်ကား များ အစီးရေ (၂၀၀)ကျော်ခန့် စတင်ပိတ်ဆို့နေပြီး ယနေ့နံနက်ပိုင်းတွင်လည်း တံတားကျိုး စစ်ဆေးရေးဂိတ် မှစပြီး သင်္ဃန်းညီနောင်အဝင်ဂိတ်အထိ ကားများ အစီးရေ(၃၀၀)ခန့် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။
“ဖားအံတက်လာတဲ့ကားတွေဆို တံတားကျိုးမှာပိတ်ထားတယ်။ မြဝတီဘက်ကဆင်းလာတဲ့ကားတွေဆို သင်္ဃန်းညီနောင် မှာပိတ်ထားတယ်။ BGFရော စစ်တပ်ရောပိတ်ထားတာ။ တောနော်နားက ကျိုးသွားတဲ့ဟာက အသုံး ပြုလို့မရတော့ဘူး။ အရင်တစ်ခေါက်မိုင်းခွဲတာ ထိသွားတဲ့ တံတားပဲ။ တံတားအောက်ခြေတိုင်ကျိုးသွားတယ်။ တံတားခါးညွန့်သွားတာပေါ့။ ဒီနေ့လည်းပိတ်နေတာ ကော့ကရိတ်ဘက်ခြမ်းမှာဆိုရင် (၃၀၀) လောက်ပိတ် နေတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
လက်ရှိအချိန်ထိ လမ်းကို ပိတ်ထားသောကြောင့် ယာဉ်များဆက်လက်ပိတ်ဆို့နေဆဲဖြစ်သလို နောက်ထပ် နှစ်ရက်အထိ လမ်းကို ပိတ်ထားမည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်းယာဉ်မောင်းများကဆိုသည်။

အလားတူ ယမန်နေ့က စစ်ကောင်စီတပ်များက ကော့ကရိတ်မြို့အနီးရှိ ကော့နွဲရွာနှင့် အနီးအနားကျေးရွာများအတွင်းသို့ လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုများ တစ်နေကုန် နီးပါး ပစ်ခတ်လျက်ရှိနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသလို ကော့နွဲဒေသခံ မြေးအဖိုး နှစ်ဦးလည်း ထိခိုက်သွား ကြောင်း ဒေသခံ တစ်ဦးကပြောသည်။
“စနေနေ့ ကတော့လေယာဉ်နဲ့လာပစ်တယ်။ ဒီနေ့တော့လက်နက်ကြီး တစ်နေကုန်ပဲထုနေတာ။ ကော့ကရိတ်နဲ့ နီးတဲ့ရွာ ပတ်ပတ်လည်ကိုထုနေတယ်။ အဓိကပစ်တာကတော့ ကော့နွဲရွာကိုပစ်နေတယ်။ ရွာထဲက မြေးဖိုး(၂)ယောက် ထိသွား တယ်”ဟုကေအိုင်စီသို့ပြောသည်။
ယမန်နေ့ ဒီဇင်ဘာလ(၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ သော ကြောင့် KNLA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေး တင်းမာမှု များရှိနေ ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။



















