ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တော်လှန်ရေးဒါရိုက်တာဟု လူသိများသည့် ဒါရိုက်တာကိုပေါက် စီစဉ်ရိုက်ကူးသော ‘မသောက်မိ သောမိုးခါးရေ’ ဇာတ်ကားတွင် ပါဝင်အားဖြည့်ပေးခဲ့ကြသော ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်တစ်ရပ်ပြုလုပ်ပေးခဲ့သည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေတစ်နေရာတွင် ပြုလုပ်သည့် ၎င်းရုပ်ရှင်အား ပြသခြင်းနှင့် ဒေသခံရပ်မိရပ်ဖနှင့် ရဲဘော်များအား ညနေစာ တည်ခင်းဧည့်ခံကျွေးမွေးခြင်းအစီအစဉ်တွင် ဒါရိုက်တာကိုပေါက်ကိုယ်တိုင်က ထိုသို့ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်အားဖြည့်ခဲ့ကြသော ရဲဘော်များသည် ဇာတ်ကားစတင်ရိုက်ကူးစဉ်က ယခုကဲ့သို့ ဂုဏ်ပြုငွေကိုမျှော်ကိုး၍ ပါဝင်ခဲ့ကြခြင်းမျိုးမဟုတ်ဘဲ တော်လှန်ရေးအတွက် ပေးဆပ်ရန်သာ ပါဝင်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ ကမ္ဘာနှင့်ချီ၍ အောင်မြင်ခဲ့ရာတွင် ယခင်ကတည်းက တော်လှန်ရေးနယ်မြေရှိ ရဲဘော်များအတွက် ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အကျွေးအမွေးအစီအစဉ်အား စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း ဒါရိုက်တာကိုပေါက်က ပြောသည်။
၎င်းက “အစီအစဉ်ရှိပြီးသားပါ။ ဒါပေမဲ့ ငွေခွဲရတဲ့အချိန် ဒီဘက်ကိုမရောက်နိုင်သေးဘူးဖြစ်နေတာ တိုက်တိုက်ဆိုင်ဆိုင် ဒီဇင်ဘာလထဲ ခရစ်စမတ်မှာ အမှတ်တရဖြစ်အောင် ဘတ်ဂျက် သုံးရမယ့် အချိန် ရောက်လာတော့ ဇာတ်ကားတစ်ကားလုံးကိုလည်း တပ်ရင်းထဲမှာပဲ ရိုက်ခဲ့တာဆိုတော့ တပ်ရင်းမှူး နဲ့တိုင်ပင်ပြီး ခရစ်စမတ်နေ့က ရဲဘော်တွေအတွက် ဂုဏ်ပြုချီးမြှင့်ရင်း အကျွေးအမွေးလုပ်ဖြစ် သွားတာပါ” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် အဆိုပါဇာတ်ကားမှ ရရှိသည့်ရန်ပုံငွေ ၁၀၀ ရာခိုင်နှုန်းလုံးကိုလည်း တော်လှန်ရေးအတွက် ပံ့ပိုး ပေးထားပြီး စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများမှ ဝါဒဖြန့်ချိရေးလုပ်ဆောင်နေချိန်တွင် ‘မသောက်မိ သောမိုးခါးရေ’ ဇာတ်ကားဖြင့် နိုင်ငံရေးမျက်နှာစာတွင် နိုင်ငံတကာသို့ ပြသနိုင်သည့်အတွက် နိုင်ငံရေးအရသာမက စစ်ရေးအရပါ အကျိုးအမြတ်ရရှိမည်ဟု ယုံကြည်ကြောင်းကိုလည်း ဒါရိုက်တာကိုပေါက်က ယခုလိုဆက်ပြောသည်။
“နိုင်ငံခြားမှာရှိတဲ့ ပြည်သူတွေက မြေပြင်ကိုမသိဘူး၊ တယ်လီဖုန်းမှာပဲ ကြည့်ရှုခံစားရတာလေ။ တစ်နှစ်ခွဲကျော်ကြာလာလို့ သွေးအေးနေတဲ့အနေအထားမှာ ဒီဇာတ်ကားကြည့်ပြီး သူတို့က တကယ်ပဲ နှိပ်စက်ညှင်းပမ်းခံပြည်သူတွေနေရာက ဝင်ခံစားလိုက်ရသလိုမျိုး ငိုဖြစ်ကြတယ်။ သွေးအေးနေတာ ချက်ချင်းသွေးပူသလိုခံစားရတဲ့အတွက် တော်လှန်ရေးမှာထောက်ပို့အနေနဲ့ပါဝင်ဖို့ စိတ်ခွန်အား ရလိုက်သလိုမျိုးဖြစ်တယ်ပေါ့။ နောက်ပြီး CDM တွေ ထပ်တိုးလာအောင်လည်း ဒီဇာတ်ကားကနေ အများကြီး အထောက်အပံ့ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒါရိုက်တာကိုပေါက်က ပြောသည်။

အဆိုပါ ဇာတ်ကားရိုက်ကူးရာတွင် ရဲဘော်များပါဝင်အားဖြည့်ပေးရန် ဒါရိုက်တာကိုပေါက်က လာပြောသည့်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ခဲ့ပြီး ဇာတ်ကားကြောင့် တော်လှန်ရေး အတွက် ရန်ပုံငွေရရှိသည့်အတွက် ဝမ်းသာကြောင်းကိုလည်း ဇာတ်ကားတွင်ပါဝင်ခဲ့သူ ရဲဘော်တစ်ဦးက ယခုလိုပြောသည်။
“ဒီကားက အခြား CDM လုပ်ချင်တဲ့သူတွေ လုပ်လို့ရအောင် တွန်းအားဖြစ်စေပါတယ်။ သွေးအေး သွားတဲ့ ရဲဘော်တွေအတွက် ဒီကားမှာပါတဲ့အကြောင်းအရာက သွေးပူလာစေတယ်။ အဲ့ဒါကြောင့် ဒီလို ကားမျိုးကိုပြသင့်ပါတယ်။ ဒီဇာတ်ကားကို ဒီထက်ရှည်အောင်တောင် ရိုက်စေချင်ပါသေးတယ်။ စစ်ကောင်စီကကျူးလွန်တဲ့ မတရားမှုတွေကို မြင်နိုင်ပြီး CDM လုပ်လို့ရတယ်ဆိုတဲ့ မက်ဆေ့ခ်ျကိုပေး တဲ့ဇာတ်ကားဖြစ်တာကြောင့် ဒီအထဲမှာ ကိုယ်လည်းပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
‘မသောက်မိသောမိုးခါးရေ’ ရုပ်ရှင်ဇာတ်ကားအား နိုင်ငံပေါင်း နှစ်ဆယ်ကျော်၏ မြို့ကြီးပေါင်း ခြောက်ဆယ်ကျော်တွင် ပြသခဲ့ပြီး ယခု တော်လှန်ရေးနယ်မြေတွင် ပထမဆုံးအကြိမ် ပြသခဲ့ခြင်းခဲ့ဖြစ်သည်။
ထို့အပြင် အခြားသော ကေအဲန်ယူထိန်းချုပ်သော အခြားတပ်မဟာများတွင်လည်း ပြသရန် အစီအစဉ်ရှိကြောင်း၊ ယခုနှစ်မကုန်ခင် ထိုင်းနိုင်ငံတွင် ပြသရန် စီစဉ်နေကြောင်းနှင့် အဆိုပါဇာတ်ကားမှ ရန်ပုံငွေ သိန်းတစ်သောင်းကျော်ရရှိခဲ့ရာ ပထမအသုတ်အနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပေးခဲ့ပြီးဖြစ်ကြောင်း ဒါရိုက်တာကိုပေါက်က ပြောသည်။
အလားတူ တော်လှန်ရေးနှစ်နှစ်ပြည့်အဖြစ် ဒါရိုက်တာကိုပေါက်၏ တော်လှန်ရေးဘဝ နှစ်နှစ်တာ ဖြတ်သန်းမှုကိုရိုက်ကူးထားသော ‘ရောင်နီလာရာလမ်း’ ဟူသည့် မှတ်တမ်းရုပ်ရှင်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ‘မသောက်မိသောမိုးခါးရေ’ ဇာတ်ကားပြသခဲ့သည့်အတိုင်း တစ်ကမ္ဘာလုံးသို့ ပြသသွားရန်စီစဉ်ထားပြီး ဇာတ်ကားရိုက်ကူးပြီးစီးမှုမှာ ၈၅ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း ၎င်း၏ ပြောစကားအရ သိရသည်။




















